KIOအစိုးရထိန်းချုပ်နယ်မြေရှိ ကျောင်းများတွင် GEDအဆင့်ပညာရေးစနစ်သစ်ထည့်သွင်းသင်ကြားနိုင်ရန်စီစဉ်နေပြီးG-12 အထိအတန်းတိုးမြှင့်ဖွင့်လှစ်ရန်လုပ်ဆောင်နေ

ပါဂျောင်မီဒီယာ။
၁၆ရက်၊မေလ၊၂၀၂၅။
KIOအစိုးရထိန်းချုပ်နယ်မြေရှိ ကျောင်းများ၏ ပညာရေးစနစ်သစ်တွင် GEDအဆင့်ပညာရေးစနစ်ကို ထည့်သွင်းကာ Cambridgeတက္ကသိုလ်မှ သင်ရိုးညွှန်းတမ်းအချို့ ထည့်သွင်းသင်ကြားနိုင်ရန် KIOပညာရေး၏ ဗဟိုဌာနချုပ်မှ စနစ်တကျ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံရပ်ခြား တက္ကသိုလ်မှ ပထမနှစ်နှင့် ဒုတိယနှစ် သင်ရိုးညွှန်းတမ်းအချို့ကို အထက်တန်း၏ ပညာရေးစနစ်သစ်တွင် ထည့်သွင်းသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မိုင်ဂျာယာန်မြို့မှ ကျောင်းဆရာတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။
“ဒီနှစ်မှာတော့ G-11ထိ ဖွင့်ထားနိုင်ပြီ။ G-12ကိုတော့ နောက်နှစ်မှဖွင့်နိုင်မယ်။ အထက်တန်းရဲ့ ပညာရေးစနစ်သစ်မှာတော့ အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်က စာတွေကို G-11နဲ့ G-12မှာ ထည့်သွင်းထားတယ်။ ကလေးတွေ နိုင်ငံခြားတက္ကသိုလ်ဆက်တက်လို့ရှိရင် အခြေခံဖြစ်သွားအောင် ရည်ရွယ်ချက်နဲ့ ထည့်သွင်းထားတယ်” ဟု ပြောသည်။
လက်ရှိတွင် KIOအစိုးရထိန်းချုပ်နယ်မြေတော်တော်များများတွင် ယခုနှစ်မှစ၍ G-11အထိ ဖွင့်လှစ်သင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်နေသလို အထက်တန်း ပညာရေးစနစ်သစ်များတွင် နိုင်ငံရပ်ခြားတက္ကသိုလ်မှ သင်ရိုးညွှန်းတမ်းအချို့ စတင်သင်ကြားရန် ပေါ်လစီရေးဆွဲထားပြီးဖြစ်သည်ဟု ဆိုသည်။
သို့သော် G-12အတန်းကိုမှု လာမည့် ၂၀၂၆-၂၀၂၇ပညာသင်နှစ်မှသာ ဖွင့်လှစ်သင်ကြားနိုင်မည်ဖြစ်ကာ၊ ပညာရေးစနစ်သစ် သင်ရိုးညွှန်းတမ်းမူ ရေးဆွဲရာတွင် KIOပညာရေး၏ ဗဟိုဌာနချုပ်အောက်မှ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်(KSCU)နှင့် Mai Ja Yang Institute of Education(MIED) တက္ကသိုလ်တို့ဖြင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြောင်း သိရသည်။
လက်ရှိ G-10အထိ အထက်တန်းပညာရေးစနစ်တွင် ကချင်ဘာသာ၊မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊သင်္ချာဘာသာ၊သိပ္ပံနှင့် လူမှုရေးဘာသာ ၆ဘာသာဖြင့် ယခင်အတိုင်း သင်ကြားနေပြီး၊ စနစ်သစ်ပညာရေးတွင်မှု လူမှုရေးဘာသာထဲတွင် ဘောဂဗေဒ(ECO)၊ ပထဝီဝင်(Geo)၊ သမိုင်း(History)၊ ပြည်သူ့နိတိ(Civic)တို့ ပါဝင်မည်ဖြစ်သည့်အပြင် သိပ္ပံဘာသာထဲတွင် ဇီဝသိပ္ပံ(Life Science)၊ ကမ္ဘာ့သိပ္ပံ(Earth Science)၊ ရူပဗေဒ(Physic)နှင့် ဓာတုဗေဒ(Chemistry)တို့ ပါဝင်မည် ဖြစ်သည်။
အဆိုပါပညာရေးစနစ်ကို ပြီးခဲ့သည့် ပညာသင်နှစ်မှစပြီး စတင်ကျင့်သုံးခဲ့သော်လည်း ထိုအချိန်တွင် G-10အထိသာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ရာ၊ ယခုနှစ်အရောက်တွင် G-11အထိ စတင်ဖွင့်လှစ် ကျင့်သုံးလာမည်ဖြစ်သည်ဟု ဆိုသည်။
KIOပညာရေး၏ ယခုနှစ် စတင်သင်ကြားလာမည့် ပညာရေးစနစ်သစ်ကို (KIA/KIO)ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာ၊မိုင်ဂျာယာန်မြို့အပြင် ၂၀၂၄ခုနှစ် မတ်လ၇ရက်နေ့ကတည်းက တိုက်ခိုက်သိမ်းယူထားသည့် နယ်မြေများရှိ ပညာရေးကျောင်းများအားလုံးတွင် အကျုံးဝင်လာမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖရိန်း




Comments