မြန်မာစစ်တပ်၏ စီးပွားရေးနှင့် ဝါဒဖြန့်ချီရေး အကောင့်ပေါင်း ၂၇၀ ကို Facebook က ဖယ်ရှားခဲ့
- Pajau Media

- 12 minutes ago
- 1 min read
ပါဂျောင်မီဒီယာ
၂၈ရက်၊ဇန္နဝါရီ,၂၀၂၆။

Facebook (Meta)က စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့် စာမျက်နာများ၊ ဂရုများ ပရိုဖိုင်အကောင့် စုစုပေါင်း (၂၇၀)ခုကို ဖယ်ရှားခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။
ဖယ်ရှားလိုက်သည့် အကောင့်အများစုမှာ မိုင်တဲလ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ရောင်းချနေသည့် အကောင့်များဖြစ်ပြီး၊ ကျန်အကောင့်များသည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးများ ဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့၏ ကုမ္ပဏီခွဲများနှင့် လုပ်ငန်းအမှတ်တံဆိပ်များနှင့် ဆက်စပ်အကောင့်များ ဖြစ်သည်။
ယင်းတို့တွင် တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနှင့် ဒဂုန်ဘီယာအမှတ်တံဆိပ်များ၊ နန်းမြိုင်ကဖီးနှင့် Indoor Skydiving တို့နှင့် ဆက်စပ်အကောင့်များလည်း ပါဝင်သည်။
Facebook သည် စစ်တပ်ဝါဒဖြန့်အကောင့်များဖြစ်သည့် a Light for Justice 3၊ News Service Station နှင့် Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့သည်။
အဆိုပါအကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ပြစ်ဒဏ်ခံရခြင်း ကင်းလွတ်စွာဖြင့် ကျူးလွန်လျက်ရှိသည့် စစ်တပ်ကို ပံ့ပိုးကူညီခဲ့သည့်အကောင့်များ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ လုပ်ဆောင်ချက်မှာ Facebook၏ မိခင်ကုမ္ပဏီ (Meta) က ၂၀၂၁ ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေး လုပ်ငန်းများနှင့် မီဒီယာများအား ပိတ်ပင်သည့် မူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Alphabet၊ Apple၊ TikTok နှင့် Telegram စသည့် ကုမ္ပဏီများ အနေဖြင့်လည်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို ပြစ်ဒဏ်ခံရခြင်း ကင်းလွတ်စွာ ကျူးလွန်နေသည့် မြန်မာစစ်တပ်၏ ဝါဒဖြန့် အကောင့်များနှင့် စီးပွားရေးလုပ်ငန်း အကောင့်များကို ချက်ချင်း ပိတ်ပင်ပေးရန်လည်း Justice For Myanmar က တောင်းဆိုထားကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments