top of page

မရန်ကထောင်ကျေးရွာမှ ဖမ်းဆီးခံရသော ဒေသခံများ ပြန်လွတ်လာ

  • Writer: Pajau Media
    Pajau Media
  • Nov 29, 2023
  • 1 min read

ပါဂျောင်မီဒီယာ



မိုးကောင်းမြို့ မရန်ကထောင်ကျေးရွာတွင် စစ်ကောင်စီစစ်တပ်မှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ(၅)ဦး ယမန်နေ့ နို၀င်ဘာ ၂၈ရက်နေ့၌ ပြန်လည်လွတ်မြောက်လာသည်ဟု မိုးကောင်းဒေသခံများ ပြောပြချက်အရ သိရသည်။


“ဖမ်းဆီးခံရတဲ့ ဒေသခံ၅ ယောက်က မနေ့က ပြန်လွတ်ပေးလိုက်တယ်။ ဒါတောင် အာမခံနဲ့ ပြန်လွတ်ပေးလိုက်ကြတယ်။ အင်တာနက်လိုင်းတွေလည်း မကောင်းတော့ သတင်းတွေလည်း တင်မရဘူး။ ဘယ်သတင်းဌာနတွေမှာလည်း တက်လာတာမတွေ့ရဘူး။ တိမ်းရှောင်လို့လည်း မရဘူး။ စစ်ကောင်စီက ဘယ်သူမှ တိမ်းရှောင်လို့မရဘူးလို့ ပြောထားတယ်။ ဘာတွေဆက်ဖြစ်လာမလဲ မသိတော့ဘူး။” ဟု အသင်းတော်မှ ဆရာမတစ်ဦး ပြောပြသည်။


ယင်းဓားစာခံများအား ရပ်ကွက်လူကြီးများ၊ အသင်းတော်မှ တာ၀န်ရှိသူများနှင့် သွားရောက်ဆွေးနွေးတိုင်ပင်ကာ၊ ဖမ်းဆီးခံရပြီး ၃ရက်အကြာ ၂၈ရက်နေ့မှ ပြန်လွတ်ပေးလိုက်ကြခြင်း ဖြစ်သည်။ ထို့အပြင် ဒေသခံများမှာ လက်ရှိစစ်ရေးတင်းမာနေမှုများကြောင့် ဆက်လက်တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြပြီး၊ အနီးအနားရှိ ကျေးရွာများဆီ ထွက်ပြေးတိမ်းရှောင်လိုကြသော်လည်း၊ စစ်ကောင်စီ၏ “မည်သူမျှ မတိမ်းရှောင်ရ” အမိန့်အား လိုက်နာနေကြရသည်ဟု ဆိုသည်။


 “သူတို့က ဘယ်သူမှ မတိမ်းရှောင်ရဘူးလို့ ပြောထားတယ်။ တိမ်းရှောင်ထားတဲ့အိမ်၊ လူမနေတော့တဲ့အိမ်တွေကိုဆို မီးရှို့ပေးလိုက်မယ်လို့ ပြောထားတယ်။ ကျမက အခု နောင်းပုံကျေးရွာမှာ တိမ်းရှောင်နေတယ်။” ဟု ထွက်ပြေးတိမ်းရှောင်ချင်ကြသော်လည်း မတိမ်းရှောင်နိုင်ဘဲ စိုးရိမ်နေကြရခြင်းကို ယင်းကျေးရွာမှ ဒေါ်ဖောင်ရမ်ဘောက်က ယခုလို ပြောပြထားခြင်း ဖြစ်သည်။


မရန်ကထောင်ကျေးရွာအတွင်း အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်း၏ ဂိတ်အား ကေအိုင်အေနှင့် စုပေါင်းတပ်ဖွဲ့များ နိုင်၀င်ဘာ ၂၅ရက်နေ့ နံနက် ၈နာရီ၀န်းကျင်အတွင်း ထိုးစစ်ဆင် လာရောက်တိုက်ခိုက်ခဲ့သည်။


ထို့ကြောင့် စစ်ကောင်စီ၏ စကခ (၃) တပ်ရင်းမှ ဒေသခံ (၅) ဦး ဖမ်းဆီးကာ၊ ကျေးရွာအတွင်း လက်နက်ကြီး (၅၀) ကြိမ်ထက်မနည်း၊ ဆက်တိုက်ဆိုသလိုပင် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများမှာ ထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုများရှိပြီး၊ ယင်းကဲ့သို့ ဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြရသည်ဟု ဆိုသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page