ယခင်နှစ်ထက် စောသည့် အချိန်နှင့် လယ်လုပ်စားရိတ် ချေးငွေ တောင်းခံလာသောကြောင့် ဝိုင်းမော်မြို့ရှိ လယ်လုပ်တောင်သူများ အခက်အခဲဖြစ်
- Pajau Media

- Jan 9, 2024
- 1 min read
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် အစိုးရထံမှ ချေးယူထားသော လယ်စိုက်စားရိတ် ချေးငွေနှင့် စိုက်စားရိတ်ချေးငွေအတွက် အပေါင်ထားသော လယ်ပြေစာကို ရပ်ကွက်အုပ်ချုပ်ရေးထံမှ ဇန္နဝါရီလ ၁၅ရက်နေ့ နောက်ဆုံးထားပြီး လာရွေးကြရန် ပြောဆိုလာသောကြောင့် လယ်လုပ်တောင်သူများ အခက်အခဲဖြစ်နေသည်ဟု တောင်သူလုပ်ငန်းရှင်များထံမှ သိရသည်။
“ဒီနှစ်က နိုင်ငံရေး/ စစ်ရေး ထိတွေ့တိုက်ပွဲတွေက စပါးရိတ်သိမ်းနေချိန်မှာ ဖြစ်တော့ တစ်ချို့လယ်တွင်ဆို တိုက်ပွဲငြိမ်မှ စ ရိတ်ရတယ်၊ တစ်ချို့လယ်တွင်ဆို အခုထိ မရိတ်သိမ်းရသေးဘူး၊ စပါးက အိမ်မရောက်သေးဘူး ခုလို ချေးငွေဆပ်ရမယ်ဆိုတော့ အခက်အခဲဖြစ်တာပေါ့” ဟု လယ်လုပ်တောင်သူ ဦးဆန်ပေါင်းက ပြောသည်။
ဇန္နဝါရီလဆန်းမှစ၍ အစိုးရထံမှ စိုက်စားရိတ်ချေးငွေ ယူထားသူများသည် ယခုလလယ်ပိုင်းအထိ နောက်ဆုံးထားကာ ချေးငွေနှင့်အတူ မိမိလယ်ပြေစာ လာရွေးကြရန် ပြောဆိုလာသောကြောင့် လက်ရှိနိုင်ငံရေး မတည်မငြိမ်မှုဖြင့် စပါးမရိတ်သိမ်းနိုင်သူများနှင့် အရှုံးပေါ်နေသည့် လယ်လုပ်တောင်သူများမှာ အခက်အခဲ ဖြစ်နေကြောင်း ဆိုသည်။
ယခင်နှစ်များတွင် လယ်လုပ်တောင်သူများသည် အစိုးရထံမှ စိုက်စားရိတ်ချေးငွေအား စပါးပေါ်ပြီး မတ်လမှ ဧပြီလအတွင်း ဆပ်ကြသော်လည်း ယခုနှစ်မှာမူ နှစ်ဆန်းလလယ်အတွင်းဆပ်ရန် ပြောဆိုလာသည့်အပြင် အချိန်မှီ မရိတ်သိမ်းနိုင်ဘဲ အရှုံးပေါ်နေသည့် နှစ်ကာလဖြစ်သည့် အတွက် နှစ်ဆန်းပိုင်းမှာပင် ချေးငွေဆပ်နိုင်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။
အင်မြန်းယန်တွင် လယ်၁၀ဧက လုပ်ကိုင်သူ တောင်သူဦးဒိုင်လွမ်းမှလည်း
“စပါးမချွေရသေးဘူး၊ ချေးငွေဆပ်ရတော့မယ်၊ ခါတိုင်းနှစ်လိုဆို အေးဆေးပဲ ခုတော့ ချက်ချင်းကြီး ငွေလာဆပ်ဆိုတော့ အခက်အခဲဖြစ်တာပေါ့” ဟုပြောသည်။
တောင်သူများသည် နှစ်စဉ်နှစ်တိုင်း အစိုးရ စိုက်ဘဏ်မှ လယ်တစ်ဧကလျှင် တစ်သိန်းခွဲ (၁၅၀,၀၀၀) ကျပ်နှုန်းဖြင့် အတိုးအတွက် ၀.၅ရာခိုင်နှုန်းနှင့် ချေးယူကြရပြီး၊ ချေးငွေကို ကောက်သစ်ရောင်းပြီး ဧပြီလကုန်ပိုင်းလောက်မှ ပြန်ဆပ်ကြရကြောင်း တောင်သူများက ပြောသည်။
ယခင်နှစ်များမှာ ချေးငွေဆပ်သည့် အခက်အခဲမရှိသော်လည်း ရိတ်သိမ်းချိန်၌ ဖြစ်ပေါ်လာသော ပြည်သူ့စစ်များ၏ စစ်သားစုဆောင်းဖမ်းဆီးမှုများ၊ နှစ်ဖက်တပ်များ၏ ထိတွေ့တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်သူများပြားပြီး အလုပ်လုပ်သားရှားပါးသည့် အခက်အခဲများကြောင့် စပါးရိတ်သိမ်းရာတွင်လည်း ယခင်နှစ်ထက် ငွေကြေးအကုန်အကျ ပိုမိုများခဲ့ကြောင်း ပြောသည်။
ထိုကြောင့် အမည်မဖော်လိုသော ဝိုင်းမေှာ်မို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးထံ ယခင်နှစ်ထက် ပိုစောသည့် အချိန်နှင့် ချေးငွေတောင်းခံလာခြင်းအား ပါဂျောင်မီဒီယာမှ မေးမြန်းကြည့်ရာ “အကြောင်းအရင်း အစုံအလင် မသိရှိဘဲ၊ အထက်အမိန့်သာ ဖြစ်သည်” ဟု ပြောကြားလာသည်။ ဒေသခံများမှလည်း နိုင်ငံရေး အကြပ်အတည်းကြောင့် ချေးငွေတောင်းခံ စုဆောင်းလာခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။
သတင်း -လေပြေ
ဓာတ်ပုံ - Burma News International




Comments