ရွှေညောင်ပင်ကျေးရွာ လေကြောင်းဗုံးကြဲခံရ၊ ပြည်သူများ ထိခိုက်ဒဏ်ရာရ
- Pajau Media

- Feb 5
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝိုင်းမော်-လိုင်ဇာသွားလမ်းရှိ ရွှေညောင်ပင်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကားဝပ်ရှော့တစ်ခုတွင် ကျရောက်ပေါက်ကွဲပြီး၊ အရပ်သားပြည်သူ (၁)ဦးသေဆုံးပြီး၊ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ရွှေညောင်ပင်ကျေးရွာရှိ ကားဝပ်ရှော့ ၁ ခုကို ထိမှန်ကာ ကားနှင့်ဆိုင်ကယ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကားဝပ်ရှော့မှာ ကျတာဆိုတော့ အဲ့မှာ ပြင်နေတဲ့ကားတွေ အားလုံးနီးပါး ဆိုင်ကယ်ရော လူတွေရော ထိတာ ကားတွေတော်တော်များများက မီးလောင်ပျက်စီးသွားပြီ၊ ထိခိုက်တဲ့ လူနာတွေကိုတော့ လိုင်ဇာဆေးရုံကို ပို့လိုက်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်များသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ရွှေညောင်ပင်အခြေစိုက် ခလရ(၃၂၁)တပ်ရင်းအနီးကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်နေ့မှစပြီး ဝိုင်းမော်မြို့နယ်တွင် စစ်ကြောင်းပြန်လည် ထိုးတက်လာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး၊ စစ်တပ်မှလေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ ထိခိုက်သေဆုံးခြင်းနှင့် နေအိမ်အဆောက်အအုံများလည်း ပျက်စီးမှု ရှိနေကြောင်း သိရသည်။
သတင်း-ဖရိန်း










Comments