လောင်းကစားဝိုင်းများ ဖွင့်လှစ်ကာ ဆူညံခြင်းကြောင့် ရပ်ကွက်နေပြည်သူများ အနှောက်အယှက်ဖြစ်ရ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊ဇန္နဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်တွင် အကပဒေသာနှင့် လောင်းကစားဝိုင်းများ ညလုံးပေါက်ဖွင့်လှစ်သောကြောင့် ရပ်ကွက်နေပြည်သူများ ညအချိန် အနှောက်အယှက်ဖြစ်ရသည်ဟု ပြောဆိုလာသည်။
မြစ်ကြီးနားမြို့သည် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်မြို့ဖြစ်သော်လည်း ည ၈ နာရီကတည်းက နံနက် ၃ နာရီခန့်ထိ လောင်းကစားဝိုင်းနှင့် အကပဒေသာများဖြင့် ပွဲလုပ်သည့်အတွက် အနီးပတ်ဝန်းကျင်က ပြည်သူများ အိပ်မရကြောင်း ရပ်ကွက်နေအမျိုးသားတစ်ဦး ပြောပြချက်အရ သိရသည်။
“ခုက လေးရက်လောက်ရှိပြီ၊ ည ၈ နာရီလောက်ကနေ မနက် ၃ နာရီလောက်ထိ သီချင်းတွင် အကုန်ဖွင့် ဆူညံနေတော့ အိပ်လို့မရဘူး၊ ဘာကြောင့်ဖွင့်တာလဲတော့ မသိရဘူး၊ ဘာသာရေးနဲ့ဆိုင်တာလား၊ ဘာဆိုင်းဘုတ်မှတော့ မကပ်ထားဘူး။” ဟု အမျိုးသားက ပြောပြသည်။
၂၂ ရက်နေ့ကတည်းက ဖွင့်တာဖြစ်ပြီး အထဲတွင် ငါးမန်း၊ ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီးဖဲ၊ လေးကောင်ဂျင် အစရှိသည့် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားကြောင်း ရပ်ကွက်နေအမျိုးသားက ဆက်ပြောသည်။
“အကတွေရှိတဲ့ စတိတ်ရှိုးနဲ့ လောင်းကစားဝိုင်းကို သတ်သတ်စီခွဲထားတာ၊ စတိတ်ရှိုးရှိတဲ့ဘက်တော့ လူတောင်မရှိသလောက်ပဲ၊ လောင်းကစားဝိုင်းရှိတဲ့ဘက်က လူတွေအပြည့်ပဲ၊ အထူးသဖြင့်လူငယ်တွေပေါ့၊ သူတို့ကြည့်ရတာ လောင်းကစားဝိုင်းကို အဓိကဖွင့်ချင်တာနဲ့တူတယ်။ ရက်ရှည်တော့ မဖွင့်ရင်ကောင်းမယ်။” ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် နဂိုကတည်းက လောင်းကစားဝိုင်းနှင့် ခိုးဆိုးလုယှက်မှု ပေါများနေချိန် ယခုလိုမျိုး လောင်းကစားဝိုင်းများ ထပ်ဖွင့်ခြင်းသည် ခိုးဆိုးလုယှက်မှုများကို ပိုမိုတိုးမြင့်နိုင်သည့်အတွက် ရက်ရှည်မဖွင့်စေလိုကြောင်း ဒေသခံတွေကပြောသည်။
ပြီးခဲ့သည့် ဇန္နဝါရီ ၁၄ ရက်နေ့ညတွင်လည်း တပ်ကုန်းရပ်ကွက်တွင်ဖွင့်ထားသည့် Sun City လောင်းကစားရုံကို ရဲတပ်ဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။
သတင်း - ဇော်




Comments