top of page

လုံရှာယန်ဒေသရှိ စတားလင့်ဝိုင်ဖိုင်စက်များအား စစ်တပ်မှ သိမ်းဆည်းသွားသောကြောင့် ဒေသခံများ အဆက်အသွယ်ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


ပူတာအို-လုံရှာယန်ကျေးရွာမှ စတားလင့်ဝိုင်ဖိုင်စက်များကို စစ်ကောင်စီက သိမ်းပြီးနောက် ကျေးရွာတွင်း ဝိုင်ဖိုင်အင်တာနက်မရှိသောကြောင့် အဆက်အသွယ်အတွက် ခက်ခဲကြပ်တည်းလာကြောင်း ဒေသခံများထံမှ သိရသည်။


“လုံရှာယန်မှာ စခန်းမှူးပစ်သတ်ခံရပြီးနောက်ပိုင်း ဝိုင်ဖိုင်စက်တွေ သိမ်းသွားတာ။ လိုင်းမရှိလို့ အဆက်အသွယ် အရမ်းခက်သွားတယ်။ စတားလင့်ရှိတုန်းကဆို နိုင်ငံခြားရောက်နေသူတွေနဲ့လည်း ဆက်သွယ်နိုင်တယ်။ အခုက ဖုန်းလိုင်းကမရှိတာနဲ့၊ အမှောင်ထုထဲ နေနေရသလိုပဲ။” ဟု မြစ်ကြီးနားသို့ ရောက်ရှိလာသည့် လုံရှာယန်ဒေသခံတစ်ဦးက ပြောသည်။


ပူတာအိုဒေသတွင် စစ်တပ်မှ စတားလင့်ဝိုင်ဖိုင်စက်များ သိမ်းဆည်းပြီးနောက် အချို့က ငွေကြေးဖြင့် လိုက်လံထုတ်ယူသူ ရှိနေသော်လည်း လုံရှာယန်ကျေးရွာတွင် သိမ်းပြီးကတည်းက ငွေကြေးဖြင့်လည်း ထုတ်ယူခွင့်မရှိကြောင်း၊ ဖုန်းလိုင်းမရှိသောကြောင့် အဝေးရောက် သားသမီးများ၊ ဆွေမျိုးမိတ်ဆွေများနှင့် အဆက်အသွယ်မရှိဘဲ ပိုမိုကြပ်တည်းလာကြောင်း ဒေသခံများ ပြောသည်။


လုံရှာယန်စခန်းမှူး ပစ်သတ်ခံရသည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန္နဝါရီအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံများ၏သတင်း‌ပေးခြင်းကြောင့် လုပ်ကြံပစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် ယခုကဲ့သို့ စတားလင့်စက်များ သိမ်းဆည်းလာရာ လက်ရှိအချိန်ထိ ဖြစ်ကြောင်း သိရသည်။


လက်ရှိ စစ်ရေးနိုင်ငံရေးများ နေ့စဉ်ပိုမိုတင်းမာလာသောကြောင့် အဆက်အသွယ် ပြတ်တောက်ခြင်းမှာ ဒေသခံများအတွက် အခက်အခဲဖြစ်ရပြီး၊ ပူတာအိုဒေသ လုံရှာယန်ကျေးရွာတစ်ခုထဲတွင် အင်တာနက်မရကြောင်း သိရသည်။


ပူတာအိုဒေသ စစ်ကောင်စီမှ စစ်အင်အားတိုးမြင့်နေပြီး လုံရှာယန်ကျေးရွာအနီး တန်ဂျာကျေးရွာဝန်းကျင်တွင် နှစ်ဖက်စစ်ရေးတင်းမာနေသောကြောင့် သတိထားနေရသည်ဟု ဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page