top of page

လဘန်ကထောင်ကျေးရွာထဲရှိ စစ်ဘေးရှောင်စခန်းနေရာတွင် အရေပြားကူးစက်ယားနာတစ်မျိုး ဖြစ်ပွားမှုများနေ

  • Writer: Pajau Media
    Pajau Media
  • Feb 4, 2025
  • 1 min read

ပါဂျာင်မီဒီယာ

၄ရက်၊ဖေဖော်ဝါရီ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လဘန်ကထောင်ကျေးရွာထဲရှိ အိမ်ခြေတစ်ရာကျော်မှ လူဦးရေ၆၀၀နီးပါး မှီတင်းနေထိုင်ကြသော စစ်ဘေးရှောင်စခန်းနေရာတွင် အရေပြားကူးစက်ယားနာတစ်မျိုး ဖြစ်ပွားမှုများနေပြီး၊ လတ်တလော ပိုမိုပြင်းထန်လာကာ ကလေး၊လူကြီးမရွေး ယားနာကူးစက်ခံနေရကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။


ထိုစစ်ရှောင်စခန်းမှ ကလေးငယ်အားလုံးနီးပါး အရေပြားကူးစက်ယားနာ ဖြစ်ပွားနေသော်လည်း ကုသရန် ဆေးဝါးအခက်အခဲရှိနေသောကြောင့် ထိုအရေပြားယားနာကူးစက်မှုမှာ မွေးကင်းစကလေးငယ်မှ သက်ကြီးရွယ်အိုများအထိ ကူးစက်မှု ပြန့်နှံ့နေသည်ဟု ဆိုသည်။


“ကလေးတွေအားလုံးနီးပါး ဖြစ်ကြတာ။ လိမ်းပေးဖို့ဆေးတွေက မရှိတော့ ပျောက်ဖို့ခက်တယ်။ ဖြစ်တဲ့ကလေးတွေ မြန်မြန်မပျောက်တော့ ကျမတို့ လူကြီးတွေထိ ဖြစ်လာတယ်။” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။



စစ်ဘေးရှောင်အတွင်း ကူးစက်ယားနာ ဖြစ်ပွားနေခြင်းမှာ ရေကောင်းရေသန့် အလုံအလောက်မရရှိခြင်း၊ အစားအသောက်နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းမှတစ်ဆင့် ဖြစ်ပွားနိုင်ကြောင်း ဝိုင်းမော်ပြည်သူ့ဆေးရုံဝန်ထမ်း ဆရာမတစ်ဦး ပြောသည်။


“စစ်ရှောင်နေရာဆိုတော့ လူကများပြီး သန့်ရှင်းရေးက အားနည်းတော့ ကူးစက်တာ မြန်တယ်။ နောက်ပြီး ကလေးတွေကလည်းများတယ်။ ဟိုကိုင်ဒီကိုင်ဆော့ကြပြီး လက်ကသေချာပြန်မဆေးကြတော့ တစ်ယောက်ကနေတစ်ယောက် ကူးစက်ကြတာဖြစ်တယ်။” ဟု ဆေးရုံဝန်ထမ်းဆရာမတစ်ဦးက ပြောသည်။


ကူးစက်ယားနာဖြစ်ပွားနေသူများမှာ တစ်နှစ်အရွယ်ကလေးငယ်နှင့် နို့စို့အရွယ်ကလေးငယ်များတွင် ဖြစ်ပွားမှုနှုန်း ပိုမြင့်တက်နေပြီး၊ မပျောက်ဆုံးသည့်အပြင် ယခုရက်ပိုင်း လူကြီးတွေအထိပါ ကူးစက်မှုနှုန်း ပြန့်နှံ့လာသည်ဟု ဆိုသည်။


လက်ရှိမှာတော့ စစ်ရှောင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီများရရှိနေသော်လည်း ဆေးဝါးလုံလောက်စွာ မရရှိသည့်အပြင် ရာသီဥတုအပြောင်းအလဲဖြစ်ခြင်းနှင့် နှာစည်းချောင်းဆိုးဖြစ်ခြင်းများ မကြာခဏ ဖြစ်ပွားနေပြီး၊ ကူးစက်ယားနာဖြစ်ပွားမှုလည်း ၅လကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page