လမ်းပိတ်ပင်ခြင်းကြောင့် ရှောကောအရောင်းမထွက်ဘဲ ပူတာအိုအရှေ့ဘက် ဒေသခံများ ခက်ခဲနေ
- Pajau Media

- Feb 20
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ပူတာအို၊ အရှေ့ဒေသဘက် သွားလမ်းကို လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သောကြောင့် ဒေသခံများ နှစ်စဉ်ဝင်ငွေရရှိနေသည့် ရှောကောသီးများမှာ ယခုနှစ်တွင် အရောင်းအဝယ် မထွက်နိုင်ကြောင်း သိရသည်။
“လမ်းပိတ်သွားလို့ ခက်ခဲသွားတဲ့အပိုင်းက အများကြီးပဲ။ အဓိကက ဆန်ဝယ်နိုင်ဖို့ လမ်းတွေပိတ်သွားတယ်။ ရှောကော်သီးတွေ သယ်ယူပို့ဆောင်လို့မရတော့တဲ့ အခြေအနေဘဲ။ ခါတိုင်းနှစ်ဆိုရင် ဒီဇင်ဘာလောက်ဆိုကတည်းက အကုန်ရောင်းထွက်ပြီးနေပြီ။ ဒီနှစ်က ဖေဖော်ဝါရီလတောင် ရောက်နေပြီ၊ လမ်းပိတ်ထားတော့ အခုထိ ရောင်းမထွက်သေးဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများမှာ ရှောကောစိုက်ပျိုးခြင်းကို ဝင်ငွေအတွက် လုပ်ကိုင်စားသောက်ကြပြီး၊ လမ်းဖွင့်လှစ်ပေးခြင်းမရှိသောကြောင့် ယခုနှစ် မရောင်းထွက်သည့် ရှောကောများအတွက် အမြတ်ရှုံးကာ ဝင်ငွေမရှိ ခက်ခဲကြရသည်ဟုလည်း ပြောသည်။
ယင်းဒေသရှိ ပြည်သူအများစုမှာ တောင်ယာလုပ်ငန်းသာ အဓိကလုပ်ကိုင်နေကြသော်လည်း ကြွက်ဘေးကြောင့် နှစ်စဉ်နှစ်တိုင်း စပါးအထွက်နှုန်း လျော့နည်းလာကာ ဆန်မလောက်ငှမှုများ ကြုံတွေ့နေရသလို နောက်ထပ် လုပ်ငန်းဖြစ်သည့် ရှောကောစိုက်ပျိုးခြင်းလည်း လမ်းပိတ်ပင်ခြင်းကြောင့် ထပ်မံမရောင်းထွက်ဘဲ ကပ်ဘေးကြုံနေရကြောင်း သိရသည်။
အဆိုပါဒေသတွင် လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မချမ်းဘော့မှ ထန်ဂါးကျေးရွာအကျော်ထိ စစ်ကောင်စီတပ်ဖွဲ့များ နေရာယူတပ်စွဲထားသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သလို အရှေ့ဒေသဘက် သွားလမ်း ပိတ်ပင်ထားသည်မှာလည်း ၄လနီးပါး ကြာမြင့်လာပြီဖြစ်သည်။
သတင်း - ပီလမ့်အူ




Comments