ဟိုပင်၊ နန့်ရင်းတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများ ယာယီရှောင်တိမ်းနေ
- Pajau Media

- Feb 29, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်၊ နန့်ရင်းကျေးရွာတွင် စစ်ကောင်စီစစ်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် နေ့ရောညပါ ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများ အခြားကျေးရွာဘက်သို့ ယာယီရှောင်တိမ်းသူ များပြားလာသည်ဟု နန့်ရင်းဒေသခံများက ပြောသည်။
“မနှစ်ကလဲ လက်နက်ကြီးရမ်းပစ်လို့ အမျိုးသမီးတယောက် ခြေထောက်ဖြတ်လိုက်ရတယ်၊ လူငယ်တယောက် သေတယ်၊ ဒီလိုမျိုးတွေ အရင်ကဖြစ်ခဲ့ဖူးတော့ ရွာခံတွေက ကြောက်လို့ပြေးကုန်တယ်” ဟု မိုးညှင်းဖက်သို့ တိမ်းရှောင်နေသော နန့်ရင်းရွာသားတစ်ဦးကပြောသည်။
စစ်ကောင်စီစစ်တပ်သည် ဟိုပင် ၊နန့်ရင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်မှာ ဖေဖော်ဝါရီ လ ၂၆ရက်နေ့မှ စ၍ ယမန်နေ့ညအထိတိုင် ၃ရက်ဆက်တိုက်ရှိနေပြီဟု ဆိုသည်။
အထက်ပါ နန့်ရင်းဒေသခံက "လက်နက်ကြီးထုတာက မနက်၇နာရီကနေ နေ့လည်၁၀နာရီထိပစ်တယ်၊ ညနေဆိုရင် ၃နာရီကနေ ည၉နာရီထိပစ်တယ်၊ သုံးရက်ဆက်တိုက်ပစ်နေတော့ နန့်ရင်းရွာမှာ ဘယ်သူမှမနေရဲကြတော့ဘူး၊ တစ်ခြားဖက်ကို ရှောင်သွားကြတယ်”ဟု ပြောသည်။
ယမန်နေ့ နံနက်ပိုင်းက ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာအနီး တစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့သည့် ၂၅ရက်နေ့၌လည်း နန့်ရင်းချောင်းအနီး နှစ်ဖက်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများမှာ ကြောက်ရွံ့လျှက် ကျေးရွာအတွင်း မနေရဲတော့ဘဲ နီးစပ်ရာကျေးရွာဘက်သို့ ယာယီရှောင်တိမ်းလာကြခြင်း ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းမှာ အမြဲလိုလို ပစ်ခတ်တတ်သည်ဟု ဆိုသည်။
ထိုအပြင် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်တွင် ယမန်နှစ်မှ ယခုနှစ်ဆန်းကာလ ၆လအတွင်း ထိခိုက်ဒါဏ်ရာရသူ(၁၄)ဦးအထိ ရှိလာပြီး၊ သေဆုံးသူ(၁၀)ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
သတင်း- ကချင်ပြည်သား




Comments