ဟိုပင်မြို့တွင် ၆လောင်းပြိုင် လူသတ်မှုဖြစ်ပွား
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊မတ်လ၊၂၀၂၆။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် ယမန်နေ့ မတ်လ၄ရက်နေ့ ည၁၁နာရီဝန်းကျင်တွင် ၆လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ဟိုပင်မြို့ မြသာယာရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အိမ်နီးချင်းများက လင်မယားစကားများကြသည်ဟု ထင်မှတ်ကာ သတိမပြုမိလိုက်ကြကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။
"ဒီမှာသတ်နေကြပြီ ကယ်ကြပါအုံးလို့တော့ အော်သံကြားလိုက်ပေမယ့် လင်မယားနှစ်ယောက် ရန်ဖြစ်တယ်ပဲ ထင်ကြတာ၊ မိန်းခလေး ၁နှစ်ကျော်နဲ့ သူ့သားငယ်နဲ့က အဲ့ထမင်းချက်အခန်းမှာ သူ့ယောကျ်ားက သူကျောက်သွေးတဲ့နေရာမှာပဲ လက်နဲ့ခေါင်းအဖြတ်ခံရတာ၊ မိန်းမက အိပ်ခန်းထဲမှာပဲ သေနေတာ၊ မိသားစုလိုက်ဘဲ လူကြီး(၃)ယောက်၊ ကလေး(၃)ယောက်၊ (၆)ယောက်လုံးကို သတ်သွားတာ” ဟု ပြောသည်။
မတ်လ၅ရက်နေ့ နံနက်ခင်းတွင် အခင်းဖြစ်ပွားသည့်အိမ်ကို ရေခပ်ပေးရန်လာသည့် ကလေးမှ မြင်ပြီး၊ ဈေးရောင်းနေသည့် ၎င်း၏ အမေအား ခေါ်ယူမှသာ ပတ်ဝန်းကျင်က သိကြသည်ဟု ဆိုသည်။
အခင်းဖြစ်ပွားရာ အိမ်တံခါးမကြီးသည် လူတစ်ယောက်၀င်စာ ဖွင့်ရက်ဖြစ်နေပြီး မီးခံသေတ္တာကို အိမ်ရှေ့ခန်းတွင် စောင်ဖြင့်ပတ်လျှက် တွေ့ရကြောင်း မြသာယာရပ်ကွက်နေ ဒေသခံများမှ ပြောသည်။
နောက်ဆက်တွဲသတင်းများအရ အိမ်ရှေ့ခန်းတွင် အသက်၄၁နှစ်အရွယ် ဦးကျော်မြတ်ဦး၊ ဓါးဒဏ်ရာများဖြင့် သေဆုံးနေပြီး၊ နေအိမ်ရှေ့ အိပ်ခန်းအတွင်းတွင် အသက်၄၂နှစ်အရွယ် မမီးမီး(အိမ်အကူ)က ဓါးဒဏ်ရာများဖြင့် သေဆုံးနေကာ၊ အသက် ၁၁နှစ်အရွယ် မောင်ဘုန်းခန့်ကျော်တို့အား ဓါးဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရကြောင်း သိရသည်။
ထို့အပြင် နေအိမ်နောက်အိပ်ခန်းတွင် ဦးကျော်မြတ်ဦး၏ ဇနီးဖြစ်သူ အသက်၂၇နှစ်အရွယ် ဒေါ် အိဖြူကလည်း ဓါးဒါဏ်ရာများဖြင့် သေဆုံးနေပြီး၊ အသက်၉နှစ်အရွယ် မယုဝတီကျော်နှင့် မယွန်းဝတီကျော်တို့အား ဓါးဒဏ်ရာများဖြင့် သေဆုံးလျက်ရှိနေသည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါ အမှုအတွက် တာဝန်ရှိသူများမှ စစ်ဆေးခဲ့ပြီး၊ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေလျက်ရှိနေကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား










Comments