top of page

အာလမ်-ဒွမ်ဂန်ဒေသ စက်ကြီးများဖြင့် ရွှေတူးဖော်လာခြင်းကို ဒေသခံများ မလိုလား

  • Writer: Pajau Media
    Pajau Media
  • Feb 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


မြစ်ကြီးနား၊ ဆယ်မိုင်အထက်ပိုင်းရှိ အာလမ်နှင့် ဒွမ်ဂန်ကျေးရွာတွင် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက လုပ်ငန်းရှင်များက စက်ယန္တရားကြီး၊ ဘက်ဟိုးများဖြင့် ရွှေတူးဖော်လာသောကြောင့် ဒေသခံပြည်သူများ မလိုလားကြောင်း ဒွမ်ဂန်ဒေသခံများ ပြောပြချက်အရ သိရသည်။


ရွှေတူးဖော်ခြင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦး ပြောဆိုချက်မှာ "အဲဒီနေရာက ဒေသခံတွေ လက်နဲ့ပဲ တစ်နိုင်တစ်ပိုင် တူးကြတဲ့နေရာဟုတ်တယ်။ ရွှေနဲနဲရတာနဲ့ ရောင်းချကြပြီး ဝင်ငွေလုပ်ကြတာ။ စက်ကြီးတွေနဲ့ တူးဖော်လိုက်ကတည်းက ဒေသခံတွေ တူးလို့မရတော့ဘူး။ စက်ကြီးနဲ့ ရွှေတူးဖော်တာကိုတော့ မလိုလားပါဘူး။” ဟု ပြောသည်။


ယခုကဲ့သို့ စက်ကြီးများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ ဝင်ငွေမရှိ၊ အလုပ်မရှိ ခက်ခဲလာသည့်အပြင် စက်ကြီးများဖြင့် တူးဖော်ခြင်းမှာ ဧရာဝတီမြစ်ကမ်းပါးများ ပျက်စီးကာ မြစ်ရေစီးကြောင်းပျက်စီးခြင်းများ ဖြစ်လာနိုင်သောကြောင့် စက်ကြီးတူးဖော်ခြင်းကို ဒေသခံများ မလိုလားကြောင်း သိရသည်။


အဆိုပါ ရွှေတူးဖော်သည့် လုပ်ငန်းရှင်များကို လမုန်ဇွပ်ကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီပူးပေါင်းတပ် စစ်စခန်းနှင့် အချို့ရွာလူကြီးများ ပူးပေါင်းလုပ်ကိုင်ခြင်းကြောင့် ယခုနှစ်မှစ၍ ရွှေတူးဖော်မည့် လုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရသည်။


“ရွာလူကြီးတွေနဲ့ လမုန်ဇွပ်မှာထိုင်တဲ့ စစ်တပ်တွေ ပေါင်းပြီး တရုတ်လောပန်းကော၊ ကချင်သူဌေးတွေက ဝင်လာပြီး၊ လုပ်စားလာကြတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ဒေသခံများမှာ တစ်နိုင်တစ်ပိုင် ရွှေအနည်းငယ် တူးဖော်လုပ်ကိုင်ခြင်းမှ အခြားစက်ယန္တရားကြီးများဖြင့် တူးဖော်လုပ်ကိုင်ကြမည်ကို မလိုလားကြောင်းမှာ စက်ကြီးများဖြင့် အလွန်အကျွံတူးဖော်ပါက သဘာဝဘေးပတ်ဝန်းကျင်များ ပျက်စီးကာ နှစ်စဉ်မြစ်ကမ်းပါးပြိုကျလာနိုင်သောကြောင့် မလိုလားခြင်း ဖြစ်သည်ဟု ဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page