အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီး ထားသော လူငယ်နှစ်ဦးအား ငွေသားသိန်း၃၀စီဖြင့် ရွေးခိုင်း
- Pajau Media

- Feb 10, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာတွင် စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁ရက်နေ့၌ ဖမ်းဆီးထိန်းသိမ်းထားသော ဒေသခံ အမျိုးသားနှစ်ဦးအား တမြန်နေ့ ၈ရက်နေ့မှာ ငွေသား သိန်း၃၀စီဖြင့် ပြန်လည်ရွေးခိုင်းတယ်လို့ ဖမ်းဆီးခံရသူတစ်ဦး၏ အကိုဖြစ်သူထံမှ သိရသည်။
"အဲ့ဒီနေ့က ကျွန်တော့ညီနဲ့သူ့သူငယ်ချင်းက မိုးညှင်းကနေ ဆိုင်ကယ်နဲ့အိမ်ကိုခဏပြန်လာတာ ၊ နေ့လည်၁၁နာရီလောက်မှာ အင်းတော်နယ်ထဲရောက်တော့ စစ်သားတွေနဲ့ တည့်တည့်တိုးမိပြီးဘယ်ကလာလဲ ၊ဘာလာလုပ်လဲမေးတယ်တဲ့ ကျောင်းပိတ်လို့ အိမ်ခဏပြန်လာတယ်လို့ပြောတာကို ဖမ်းခေါ်သွားတာ"ဟု အကိုဖြစ်သူက ပြောသည်။
ဖမ်းဆီးခံရသူ ဒေသခံနှစ်ဦးမှာ မိုးညှင်းတက္ကသိုလ်တွင် နောက်ဆုံးနှစ် ကျောင်းတက်ရောက်နေသော လူငယ်နှစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းသည့် ၃နှစ်ပြည့်နေ့တွင် အိမ်သို့အပြန် စစ်တပ်မှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
"သူတို့ အဖမ်းခံရတာကို ကျွန်တော်တို့က မသိလိုက်ဘူး၊ သူတို့ကိုဖမ်းခေါ်သွားချိန် ရွာက လူတယောက်က မြင်လိုက်တာနဲ့လာပြောပေးတာ၊ ကျွန်တော်ကိုယ်တိုင် လိုက်စုံစမ်းတာ တပတ်ကြာတဲ့အထိ ဘယ်ကိုဖမ်းခေါ်သွားလဲ မသိရသေးဘူး၊ ဒီမနက်မှ သူတို့ကိုခေါ်သွားတဲ့ နေရာကိုသိရတာ၊ ဒါနဲ့ချက်ချင်းလိုက်သွားပြီး သွားတောင်းပန်ရတယ် ၊ကျွန်တော့ညီတွေက ကျောင်းသားတွေပါ ကျောင်းပိတ်လို့ အိမ်ခဏပြန်လာ တာပါ၊ ပြန်လွတ်ပေးပါဆိုပြီး တောင်းပန်တော့မှ သိန်း၃၀စီနဲ့ ရွေးပါဆိုပြီးပြောလာတယ်၊ အိမ်ပြန်ပြီးပိုက်ဆံသွားရှာယူပြီး ပြန်လာရွေးထုတ်ရတယ်၊"ဟု ဖမ်းဆီးခံရသူ၏ အကိုဖြစ်သူက ဆက်ပြောသည်။
ဖမ်းဆီးခံရသော မိသားစုဝင်များမှာ ၈ရက်ကြာပြီးနောက်မှ သတင်းကို သိရှိရပြီး သွားခေါ်ချိန် တစ်ဦးကို ငွေသားသိန်း ၃၀နှင့် ရွေးခိုင်းတယ်ဟု ပြောသည်။ ၄င်းတို့မှာ ဖမ်းဆီးခံရပြီး ရက်သတ္တပတ်ကြာတဲ့အထိ မည်သည့်သတင်းမှ မသိရှိခဲ့ကြောင်း ပြောသည်။
ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးသည် နိုင်ငံရေးနှင့်ပတ်သတ်သည့် ပိုစ့်များရေးသားခြင်းမရှိသလို နိုင်ငံရေးလုပ်သည့်သူများနှင့် ပတ်သတ်ဆက်နွယ်ခြင်း မရှိသောကြောင့် စကစဖက်မှ ပုဒ်မတပ် ဖမ်းဆီးရန် မဖြစ်နိုင်ကြောင်း ထပ်ပြောသည်။
စစ်ကောင်စီ တပ်သားအင်အား၆၀ခန့်သည် စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားပြီး အင်းတော်မြို့နယ်အတွင်းရှိ နတ်မဟုတ်ကြီး ၊နတ်မဟုတ်ကလေး၊ မိုးယူ၊ နားနောင်၊ ကျော်ရွာများတွင် စစ်ကြောင်းပတ်နေကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား




Comments