ကျောင်းပြောင်းလက်မှတ် မထုတ်ပေးနိုင်သဖြင့် ကျောင်းပြောင်းရမည့် ကလေး၊ မိဘများအခက်တွေ့နေ
- Pajau Media

- May 16
- 1 min read
ပါဂျောင်မီဒီယာ
၁၆ ရက်၊ မေလ၊ ၂၀၂၆။

ပူတာအိုမြို့နယ်အတွင်း အထက(တွဲဖက်) ကျောင်းများတွင် သင်းကြားနေသည့်ကလေးများ ကျောင်းပြောင်းရန် ကျောင်းပြောင်းလက်မှတ်၊ ထောက်ခံချက်များ မထုတ်ပေးသောကြောင့် ကျောင်းပြောင်းရမည့်ကလေးများ အခက်တွေ့နေကြရကြောင်း သိရှိရသည်။
ပူတာအိုမြို့နယ်အတွင်း အခြေခံပညာအထက် တန်းကျောင်း (၂)ကျောင်းရှိပြီး ၎င်း၏ တွဲဖက်အထက်တန်းကျောင်းများ(၁၀)ကျောင်းခန့် ရှိသည်ဟု သိရသည်။ ယခင်နှစ်များ၌ နိုင်ငံရေးအခြေအနေကြောင့် အထက်တန်းကျောင်းသား၊ သူများ ရှိသင့်သည့် ဦးရေအောက် လျှော့နည်းသည့် အရေအတွက်ဖြစ်ပျက်ခဲ့သည် ဟုဆိုကာ ယခု ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် ကျောင်းပြောင်းရမည့်ကလေးများကို ကျောင်းပြောင်းလက်မှတ်၊ ထောက်ခံချက်များ မထုတ်ပေးတော့သဖြင့် အခက်ကြုံကြရကြောင်း တွဲဖက်အထကလုံရှာယာန်တွင် ကျောင်းတက်နေသည့် ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
တွဲဖက်ကျောင်းများတွင် သင်ကြားရေးဆရာ/မများလည်း လုံလောက်မှုမရှိခြင်းကြောင့် ကလေးများ၏ ပညာရေးအလွန်နောက်ကျနေပြီး ကလေးများအကျင့်ပျက်၊ ကျောင်းထွက်မှုနှုန်းသည်လည်း မြှင့်တက်လာသည်ကို မြင်တွေ့ရသဖြင့်မိဘများစိုးရိမ်နေကြရကြောင်း
"ဒီနှစ်တော့ ကလေးကို ကျောင်းပြောင်းဖို့လုပ်နေတာ ကျောင်းအုပ်ကြီးက ကျောင်းပြောင်းလက်မှတ် မထုတ်ပေးဘူးဆိုတော့ အရမ်းအခက်အခဲဖြစ်နေတယ်။ ကျောင်းဘက်ကပြောတာကတော့ ကျောင်းသား၊ သူတွေ တစ်နှစ်ထက်တစ်နှစ်တိုးလာတာမရှိဘူး လျှော့သွားတာပဲရှိနေတယ်။ အဲ့တာကြောင့် ကျောင်းပြောင်းဖို့ခွင့်ပြုလို့မရဘူးတဲ့၊ ပြီးတော့ဆယ်ကျော်သက်ကလေးတွေ တော်လှန်ရေးတပ်တွေဆီပါသွားကြဝာာလည်းများနေတော့ ကျောင်းနေတဲ့ကလေးတွေကို မိခင်ကျောင်းကနေပြောင်းရွှေ့မပေးဖို့ အထက်ညွှန်ကြားချက်တွေလည်းရှိထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေပေးနေတော့ ဘာမှညှိလို့မရဘူး။ ရွာဘက်ကကျောင်းတွေအားလုံးနီးပါး သင်ကြားရေးဆရာ၊ မတွေ မလောက်ဘူး ပျမ်းမျ စာသင်ခန်းတစ်ခန်းအတွက်ဆရာ၊မ တစ်ယောက်စီလောက်ပဲရှိနေတော့ ကလေးတွေရဲ့ ပညာရေးက တအားကို နောက်ကျလာတယ်။" ဟုကျောင်းသားမိဘ တစ်ဦးက ဆိုသည်။
ပူဝာအိုမြို့နယ်အတွင်း ယခင်ပညာသင်နှစ်တွင်လည်း ကျောင်းသားများ၏ ပုံနှိပ်စာအုပ်များ လုံလောက်စွာမရရှိခဲ့သည့်အခြေအနေကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်လည်း အရင်နှစ်တွေလိုဖြစ်လာနိုင်ကြောင်း ကျောင်းသားမိဘများထံမှ သိရှိရသည်။
သတင်း- မလိခူး




Comments