top of page

ဗန်းမော်မြို့ရှိ သမိုင်းဝင် စိန့်ပက်ထရစ်ကက်သလစ်ဘုရားကျောင်းကို စစ်ကောင်စီမှမီးရှို့ဖျက်ဆီး

  • Writer: Pajau Media
    Pajau Media
  • Mar 17
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊မတ်လ၊၂၀၂၅။





ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့ရှိ သမိုင်းဝင် ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းတော်ကြီးကို ယမန်နေ့ မတ်လ ၁၆ရက် ညနေ ၄နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


“အဲဒီဘုရားကျောင်းမီးလောင်တာက တိုက်ပွဲဖြစ်လို့ မီးလောင်တာမဟုတ်ဘူး။ ဗုံးကြဲလို့ လက်နက်ကြီးကျလို့ မီးလောင်တာမဟုတ်ဘူး။ စစ်ကောင်စီတပ်ကနေ တမင်သက်သက် မီးရှို့ပေးလို့ မီးလောင်ရတာ” ဟု ဒေသခံတစ်ဦးက ပြောပြသည်။


အဆိုပါ ဘုရားကျောင်းမှာ ဗန်းမော်မြို့ရှိ အထင်ကရ ဘုရားကျောင်းတစ်ကျောင်းဖြစ်ပြီး၊ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်တွင် တည်ရှိသည့် စိန့်ပက်ထရစ် ဘုရားကျောင်းတစ်ကျောင်းဖြစ်သည်။


“အဲဒီဘုရားကျောင်းဝင်းထဲမှာ ဘုရားကျောင်းကြီးအပြင် ဘုန်းတော်ကြီးတွေ နေထိုင်ဖို့ လုပ်ထားတဲ့ အထပ်လေးထပ်ရှိတဲ့ ကျောင်းတော်ကြီးလည်းရှိတယ်။ ပြီးတော့ ဘုရားကျောင်းနဲ့ တစ်ဆက်တည်းရှိတဲ့ ဆရာတော်တွေ နေနေတဲ့ အဆောင်တစ်ခုရယ်။ ပြီးရင် နှစ်ထပ်အဆောင် တစ်ဆောင်ရယ်၊ ဘေးမှာ အမှတ်(၂)စာသင်ကျောင်းတွေ ဓမ္မာရုံတွေ အကုန် တစ်ဆက်တည်း ရှိနေတာဆိုတော့ အကုန်ပါသွားလောက်ပြီ။ ဘာလို့ဆို အဲဒီမှာက ဘယ်သူမှမရှိတော့ဘူး။ မီးတားမယ့်သူတောင် မရှိလောက်ဘူးဆိုတော့ အကုန်ပါသွားလောက်ပြီပေါ့။” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။


ဗန်းမော်မြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၄ရက်နေ့ကတည်းက ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။


ထို့အပြင် ဒေသခံများမှာလည်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာသောကြောင့် နီးစပ်ရာလုံခြုံသည့် ဒေသများနှင့်တောတောင်နေရာများသို့ ထွက်ပြေးခိုလှုံနေကြပြီး၊ လက်ရှိ ဗန်းမော်မြို့အတွင်း ဒေသခံများ မရှိသလောက်ဖြစ်နေပြီး ဗန်းမော်မြို့ စကခ(၂၁)အတွင်းပိုင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page