top of page

ချီဖွေသွားလမ်းရှိ ဒွန်ဘန်တံတား အလယ်ကွန်ကရစ်တိုင် ကျိုးကျပြီးနောက် ယာဉ်တန်းများပိတ်မိနေ

  • Writer: Pajau Media
    Pajau Media
  • 12 hours ago
  • 1 min read

ပါဂျောင်မီဒီယာ။

၂၅ရက်၊ဇွန်လ၊၂၀၂၅။


မြစ်ကြီးနား-ချီဖွေသွားလမ်း မန်ဒေါင်ကျေးရွာမရောက်မီ ဒွန်ဘန်တံတားမှအလယ်ကွန်ကရစ်တိုင် ကျိုးကျသွားကာ တံတားပေါ် တွင်အက်ကွဲရာများ ဖြစ်လာသောကြောင့် ယာဉ်ကြီးများသွားလာ၍မရသဖြင့် ပိတ်မိနေကြောင်းသိရသည်။


“တံတားက သက်တမ်းကြာတော့ အုတ်တွေအက်ကွဲပြီး တစ်ချို့အုတ်တွေ ကျွံကျနေတော့ တံတားက ကျိုးမလိုလိုဖြစ်နေတယ်။ ကားအကြီးတွေ သွားလာလို့မရဘဲ ကားအသေးတွေနဲ့ ဆိုင်ကယ်တွေဘဲ သွားလာလို့ရနေတော့၊ ကားကြီးတွေ လမ်းမှာပိတ်မိနေကြတာ ရက်ကြာလာပြီ“ ဟု မြစ်ကြီးနား-ချီဖွေကားပြေးဆွဲနေသူတစ်ဦးက ပြောသည်။


အဆိုပါ ဒွန်ဘန်တံတားမှာ ဆယ်စုနှစ်တစ်ခုကြာ သက်တမ်းရှိနေပြီဖြစ်ပြီး၊ တံတားအုတ်များ ကျွံကျကာ ပျက်စီးလာသည့်အပြင် တံတားအလယ်ကွန်ကရစ်တိုင် ကျိုးကျသွားသောကြောင့် ယာဉ်ကြီးများ သွားလာ၍မရဘဲ ပိတ်မိနေကြပြီး၊ ပန်ဝါ-ချီဖွေဘက်မှ လာသည့်ယာဉ်များနှင့် မြစ်ကြီးနားဘက်မှာလာသည့် ယာဉ်များမှာ တစ်ဖက်ကမ်းနေရာစီတွင် ပိတ်မိနေကြကြောင်း သိရသည်။


“အစကတော့ ဒီတံတားက ပုံမှန် ရိုးရိုးအုတ်နဲ့ခိုင်အောင် လုပ်ထားတာ။ အဲ့တာသက်တမ်းကြာလာတော့ ပျက်စီးလာတယ်။ အဲ့ကြောင့် အဲ့ဒီတံတားအပါ်မှာဘဲ သံဘောင်ထပ်ခင်းထားတယ်။ ခုဆိုင်ကယ်နဲ့ ကားအသေးတွေ သွားလာလို့ရနေတယ်ဆိုတာကလည်း၊ အဲ့ဒီ သံချပ်ကြောင့်ဖြစ်တယ်”ဟု အထက်ပါအမျိုးသားမှဆက်ပြောသည်။


တံတားကွန်ကရစ်ကျိုးကျပြီး အက်ကွဲလာသည်မှာ ပြီးခဲ့သည့် ဇွန်လ၁၉ရက်နေ့ကတည်းကဖြစ်ပြီး၊ လက်ရှိတွင် ယာဉ်ကြီးများ သွားလာ၍မရဘဲ ယာဉ်သေးများ၊ဆိုင်ကယ်များသာ သွားလာ၍ရနေကြောင်း၊ ယာဉ်ကြီးများပိတ်မိနေသည်မှာလည်း ရက်ကြာလာပြီဖြစ်သောကြောင့် ချီဖွေဘက်ခြမ်းနှင့် မြစ်ကြီးနားဘက်ခြမ်း တစ်ဖက်ကမ်းစီ ယာဉ်တန်းများ ပိတ်မိနေကြကြောင်း သိရသည်။


ထို့အပြင် ဇွန်လဆန်းပိုင်း ရေကြီးရေလျှံဖြစ်ပွားခဲ့ချိန် ရေတိုက်စားခံခဲ့ရပြီးနောက် ယခုကဲ့သို့ နောက်ဆက်တွဲ ပျက်စီးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုလည်း သိရသည်။


ဒေသခံများနှင့် ခရီးသွားများမှာ အဆိုပါဒွန်ဘန်တံတားကို အမြန်ဆုံး ပြန်လည်ပြုပြင်မွမ်းမံပေးရန် လိုလားနေကြပြီး၊ တိုက်ပွဲကာလနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြန်လည်ဆောက်လုပ်ရန်လည်း အချိန်ကြန့်ကြာနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။


သတင်း-ဖရိန်း

PhotoCrd- Patrick Laisi Hkun Htoi

Kommentare


Pajau Media

Thanks for subscribing!

bottom of page