လည်ပင်းဓါးထိုးခံရမှု ကျူးလွန်ခဲ့သည့် တရားခံကို မိသားစုဝင်နှင့် ပြည်သူများ အမြန်ဆုံးဖမ်းဆီးပေးစေလို
- Pajau Media
- Sep 30
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ စက်တင်ဘာ၊၂၀၂၅။

သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားအနီးတွင် ဖြစ်ပွားခဲ့သော အသက်(၂၀)အရွယ် မိန်းကလေးဓါးထိုးခံရမှု ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် တရားခံအား အမြန်ဆုံး ဖမ်းဆီးပေးစေလိုကြောင်း မိသားစုဝင်များက ပြောသည်။
"မြစ်ကြီးနားမှာ ဒီနှစ်ပိုင်းထဲ အရမ်းဆိုးလာတယ်၊ လူတွေကလဲ လူစိတ်မရှိကုန်တော့ဘူး၊ ထစ်ခနဲဆို သတ်မယ်ဖြတ်မယ်ဆိုတာကြီးဘဲ ကြားနေရတယ်။ နေ့တိုင်း လုယက်မှု၊ ခိုးမှု၊ ဓါးထိုးမှု၊ လူသတ်မှုတွေ မကြားချင်လဲ ကြားနေရပြီ၊ နေရထိုင်ရတာ လုံခြုံမှု မရှိတော့ဘူး၊ အရွယ်ရောက်ပြီးသား ကိုယ့်သားသမီးကိုတောင် မိဘမပါဘဲ ဘယ်မှမသွားခိုင်းရဲအောင် ဖြစ်နေပြီ၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေလည်း အရေးယူနိုင်အောင် ဖိဖိစီးစီးလုပ်ကြပါလို့ ပြောချင်ပါတယ်၊" ဟု နီးစပ်ရာ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ပေါ်တွင် ဓါးထိုးမှု၊ လုယက်မှု၊ ကလေး/လူငယ်ပျောက်ဆုံးမှု စသည့် ဒုစရိုက်များ ဆက်တိုက်ကြားနေရသလို တရားဥပဒေစိုးမိုးမှု အားနည်းလာခြင်းအပေါ် ပြည်သူအများ စိုးရိမ်ပူပန်နေရသောကြောင့် ယခုကဲ့သို့ ရက်စက်သည့်လုပ်ရပ်များ ထပ်မံကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် သက်ဆိုင်ရာများမှ ကျူးလွန်သည့် တရားခံကို အမြန်ဆုံး ဖမ်းဆီးအရေးယူပေးစေလိုကြောင်း သိရသည်။
ယခုကဲ့သို့ ရက်စက်စွာဖြင့် သတ်ဖြတ်ခဲ့သည့်တရားခံ လွတ်မြောက်နေသည်မှာ အခြားသူများအတွက်ပါ စိုးရိမ်စရာ အခြေအနေဖြစ်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ရက်နေ့တွင် လည်ပင်းဓါးထိုးပြီး ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသော မိန်းကလေးမှာ မနုငယ်လှိုင်ဟု သိရပြီး သူမ၏မိဘများမှာ တရုတ်ပြည်သို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသောကြောင့် မိဘနှင့်ဝေးကွာနေသည့် အသက်(၂၀)အရွယ် မိန်းကလေးဖြစ်ပြီး၊ မြစ်ကြီးနား စီတာပူရပ်ကွက်တွင် အဆောင်ငှားနေထိုင်ကာ သူနာပြုအကူသင်တန်း တက်ရောက်နေသူဖြစ်ကြောင်း သိရသည် ။
မနုငယ်လှိုင်၏ ရုပ်အလောင်းကိုတော့ မြစ်ကြီးနားမြို့ရှိ ဆွေးမျိုးများမှ လာရောက်သယ်ယူ သဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ဖြစ်ပွားသည့် ဒုစရိုက်မှု ကျူးလွန်သည့် တရားခံများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်ကြိမ်တစ်ခါမှ အရေးယူဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ်လည်း ဒေသခံပြည်သူများ အားမလိုအားမရ ဖြစ်ရသည်ဟု ဆိုသည်။
သတင်း - ကချင်ပြည်သား
Comments