KIA ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့ထဲသို့ လေကြောင်းတိုက်ခိုက်မှု ယခုအချိန်ထိ ရှိနေဆဲ
- Pajau Media

- Mar 8, 2024
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊မတ်လ၊၂၀၂၄ခုနစ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ အကြား ယမန်နေ့ မတ်လ၇ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရာ KIO/KIA ဌာနချုပ်ရှိ လိုင်ဇာမြို့အတွင်း ယနေ့ ညနေပိုင်းအချိန်အထိ စစ်တပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်ကာ လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက “ညကတည်းက လေယာဉ်နဲ့ လာပစ်နေတာ၊ အခုချိန်ထိပဲ။ နာေဖာ်တောင် စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပဲ။ လက်နက်အချို့ တရုတ်ဘက်ခြမ်းကျရောက် ပေါက်ကွဲတာလဲ ရှိတယ်” ဟု ပြောသည်။
ဒေသခံများ ပြောပြချက်အရ KIA ဌာနချုပ်အနီးရှိ နာေဖာ်တောင် တပ်စခန်းမှ လိုင်ဇာမြို့ထဲသို့ လက်နက်ကြီးများ ပစ်ခတ်ချိန် တရုတ်ဘက်ခြမ်းသို့ ၃ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲပြီး၊ လိုင်ဇာမြို့တွင်းထဲလည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယင်းဒေသရှိ ပြည်သူများမှာ မိမိနှင့် နီးစပ်ရာ လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်ကြရကာ အချို့မှာ မိုင်ဂျာယာန်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု ဆိုသည်။
ထို့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် လက်နက်စထိမှန် ဒဏ်ရာရရှိသူ ပြည်သူများနှင့် အဆောက်အဦးပျက်စီး ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။
လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီအထိုင် တပ်စခန်းများနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KIA က တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ KIA မှ စစ်ကောင်စီ တပ်စခန်းအချို့ သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။
နောက်ဆက်တွဲသတင်းအခြေအနေများကိုလဲ အချိန်နှင့် တပြေးညီဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။




Comments