KIA ပူးပေါင်းတပ်မှ တစ်ရက်တည်းတွင် စစ်ကောင်စီတပ်စခန်း ၄ခုကို သိမ်းယူနိုင်ခဲ့ပြီး အချို့စစ်ကောင်စီစခန်းများ စခန်းစွန့်ခွာ
- Pajau Media

- Jun 12, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မှ ယမန်နေ့ ဇွန်လ ၁၁ရက်နေ့ တစ်ရက်တည်းတွင် ဆဒုံး-ကန်ပိုင်တည်လမ်းမကြီးတစ်ကြောပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၄နေရာကို တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဇွန်လ၁၁ရက်နေ့တွင် ဝိုင်းမော်မြို့မှ ဆဒုံး-ကန်ပိုင်တည်သွား လမ်းကြောရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က နံနက်၄နာရီအချိန်ကတည်းက တပြိင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၈နာရီအချိန်တွင် ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ ၉နာရီအချိန်တွင် ၁၃မိုင်စုပေါင်းဂိတ်၊ ၁၀နာရီအချိန်တွင် လဖိုင်ပြည်သူ့စစ်စခန်းနှင့် ညနေ၅နာရီအချိန်ခန့်တွင် ဆဒုံးဗျူဟာကုန်း စသည့်တပ်စခန်းများကို တပြိုင်နက်ဝင်ရောက် ထိုးစစ်ဆင်ပြီး ၄နေရာစလုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။
ထို့အပြင် KIAပူးပေါင်းတပ်မှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေချိန် အချို့စစ်ကောင်စီတပ်စခန်းများမှာ စခန်းဆုတ်ခွာ ထွက်ပြေးသွားခြင်းများလည်း ရှိသောကြောင့် လက်ရှိမှာတော့ ဝိုင်းမော်မြို့မှ ဆဒုံး-ကန်ပိုင်တည်သွားရာ လမ်းမကြီးတစ်ကြောတွင် စစ်ကောင်စီစခန်း ကင်းစင်နယ်မြေ ဖြစ်သွားပြီဟုလည်း သိရသည်။
တစ်ဖက်မှာလည်း စခန်းသိမ်းတိုက်ပွဲများဖြစ်ပွားနေချိန် နေ့လည်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးလာရောက်ပစ်ကူခဲ့သဖြင့် ဆဒုံးအရပ်သား ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
KIA ပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းယူခဲ့သည့် စခန်းပေါင်း၄ခုနဲ့အတူ စခန်းစွန့်ခွာ ချန်ထားသည့် စခန်းပေါင်း ၁၀ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယမန်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပြောဆိုနေကြသည်။










Comments