top of page

KIO/KIAထိန်းချုပ်နယ်မြေအတွင်း ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး (Pat Jasan) လုပ်ငန်းစဉ်ကို ဆက်တိုက်လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Jun 18
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဇွန်လ၊၂၀၂၅။



KIO/KIAထိန်းချုပ်နယ်မြေအတွင်း ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး(Pat Jasan)လုပ်ငန်းစဉ်ကို ဆက်တိုက်လုပ်ဆောင်လာခဲ့ရာ မေလတစ်လအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၂၈)ဦးကို မူးယစ်ဆေးဝါး ပစ္စည်းများနှင့်အတူ ဖမ်းဆီးထားကြောင်း KIAသတင်းဌာနက ထုတ်ပြန်ထားသည်။


KIOထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ရာ မေလတစ်လအတွင်း ဘိန်းဖြူပင်နီဆီလင်(၂)လုံး၊ စိတ်ကြွဆေးပြား (၂၁၅၈)လုံး၊ အလုံး(၂၀၀)ပါသည့် အထုတ်ကြီး(၂၆)ထုတ်၊ ဘိန်းဖြူပိုက်အရှည်(၁၀၀)၊ ပိုက်အသေး(၂၇)နှင့် အသုံးပစ္စည်းများကို ရောင်းဝယ်၊သုံးစွဲသူများနှင့်အတူ ဖမ်းဆီးနိုင်သည်ဟု ဆိုသည်။


ဖမ်းဆီးရမိထားသည့် လူနှင့်မူးယစ်ဆေးဝါးများကို သက်ဆိုင်သည့် တာဝန်ရှိသူများထံ အပ်နှံခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။


တာဝန်ရှိသူများ ပြောပြချက်အရ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကိုတော့ နှစ်စဉ်နှစ်တိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ပြည်သူများရှေ့ မီးရှို့ဖျက်ဆီးလေ့ရှိသည်ဟု သိရသည်။


လက်ရှိမှာတော့ KIAထိုးစစ်ဆင်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၄ခုနှစ် မတ်လ၇ရက်နေ့နောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် တပ်စခန်းအများစုကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သောကြောင့်၊ သိမ်းပိုက်ထားပြီး မြို့၊ကျေးရွာများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ချမှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသည်။


KIOထိန်းချုပ်နယ်မြေမှာတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီဖွင့်ကာ အားစိုက်လုပ်ဆောင်လာခဲ့ပြီး၊ ဖမ်းဆီးအရေးယူခြင်းနှင့် ပြည်သူများကို အမြင်ဖွင့်သင်တန်းပေးခြင်းများ လုပ်ဆောင်နေသည်။


ထို့အပြင် KIOထိန်းချုပ်ဒေသဖြစ်သည့် တရုတ်နယ်စပ်မှ ဆဒုံး၊ ကန်ပိုင်တည်၊ ချီဖွေ၊ ပန်ဝါ၊ လဂွေဖီမှော်နှင့် ကန့်ဖန့်ဒေသများတွင် လူထုတောင်းဆိုမှုကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းများ ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်အထိ လူပေါင်း(၅၀၀)ဝန်းကျင်က ကုသမှု ခံယူနေသည်ဟု ဆိုသည်။


ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလမှစတင်ပြီး KIOမူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လူထုအခြေစိုက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီဖွင့်ကာ ဒေသအတွင်း တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လာခဲ့သော်လည်း တစ်နိုင်ငံလုံး ကိုးဗစ်နိုင်တင်းနှင့် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်နောက်ပိုင်းတွင် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ အားနည်းလာခဲ့သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page