top of page

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အား စစ်ကောင်စီမှ ဒရုန်းဖြင့်တိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Jan 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဇန္နဝါရီ၊၂၀၂၅။




ဗန်းမော်မြို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေချိန် KIOဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ယနေ့ ဇန္နဝါရီ၂၄ရက်နေ့ နေ့လည်နှစ်နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီမှ ဒရုန်းဗုံး (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


“အခုနကပဲ နှစ်ကြိမ်လာပစ်သွားတာကြောင့် ကျမတို့တောင် ရှောင်ပြေးနေရတယ်။ အားလုံးက ကိုယ်သွားချင်တဲ့နေရာတွေကို ထွက်ပြေးနေကြတယ်။ တစ်လုံးကဘယ်မှာကျလဲ မသိဘူး၊ တစ်လုံးတော့ ရပ်ကွက်၃ဘက် ကျတယ်။ လူထိခိုက်တာတော့ မရှိဘူး။” ဟု လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။


ဇန္နဝါရီ၂၄ရက်နေ့ ယနေ့နံနက်ပိုင်းမှစပြီး ဗန်းမော်ဒေသသို့ KIAပူးပေါင်းတပ်ဖွဲ့မှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စကခ(၂၁)တပ်စခန်းမှ သံချပ်ကားတစ်စီး သိမ်းယူနိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဌာနချုပ်သို့ ဒရုန်းဗုံးလာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။


KIA ပူးပေါင်းတပ်ဖွဲ့များမှာ ဗန်းမော်ြမို့သိမ်းတိုက်ပွဲတွင် ပြီးခဲ့သည့် ဒီဇင်ဘာ၄ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်ကြာမြင့်လာပြီဖြစ်သည်။ ထို့အပြင် ဗန်းမော်ဒေသရှိ စစ်ကောင်စီတပ်စခန်း အတော်များများကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။


ဒေသခံများပြောဆိုချက်အရ စစ်ကောင်စီက ကချင်ပြည်နယ်အတွင်း စစ်ရှုံးချိန်တိုင်း KIOဌာနချုပ်သို့ လေယာဉ်၊ဒရုန်းဗုံးများဖြင့် လာရောက်ပစ်ခတ်လေ့ရှိကြောင်းနှင့် လက်ရှိလိုင်ဇာဒေသရှိ ပြည်သူများမှာ လုံခြုံသည့် နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page