top of page

KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်ဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေ

  • Writer: Pajau Media
    Pajau Media
  • Mar 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်လွတ်‌ေမြာက်ရေး တပ်မတော် (KIA)၏ ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့အနီးတွင် ယနေ့ မတ်လ ၂၇ရက်နေ့ နံနက်၇နာရီအချိန်ခန့်မှစ၍ KIA၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ကာ၊ ဒေသခံအများအပြား လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။


“ဒီမနက် ၇နာရီကနေ လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားနေရတယ်။ မနက်စာအတွက် ညကကြိုချက်ထားတဲ့ ထမင်းစားဖို့ ပြင်နေတုန်း လေယာဉ်သံကြားတော့ ကတုတ်ကျင်းထဲကို ပြေးဝင်သွားရတယ်။ အခုထိ မနက်စာတောင် မစားရသေးဘူး။” ဟု မိုင်ဂျာယန် ဒေသခံတစ်ဦးက ပြောသည်။


မိုင်ဂျာယန်နှင့် လွယ်ဂျယ်မြို့အကြားရှိ ယော်ယုံတောင် စစ်တပ်စခန်းမှ မိုင်ဂျာယန်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ရာ တရုတ်ဘက်ခြမ်းသို့ နှစ်ကြိမ်ကျရောက်ပေါက်ကွဲပြီး၊ မိုင်ဂျာယန်မြို့အနီးတစ်ဝိုက်တွင် ၄ကြိမ်ခန့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။




မိုင်ဂျာယန် ဒေသခံများမှာ ထိခိုက်မှု မရှိသော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တရုတ်နယ်စပ်ဘက်ခြမ်းမှ ဒေသခံများလည်း လက်နက်ကျည် ကျရောက်ပေါက်ကွဲသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။


လက်ရှိ ဒေသခံများမှာ ယော်ယုံတောင် စစ်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်နေသည့်အပြင် စစ်ကောင်စီ၏ လေယာဉ်ပျံဝဲနေသောကြောင့် နေ့လည်အချိန်ခန့်အထိ ကတုတ်ကျင်းထဲ ပုန်းခိုနေကြရသည်ဟု နောက်ထပ်ဒေသခံတစ်ဦးမှလည်း ပြောပြသည်။


ကချင်လွတ်‌ေမြာက်ရေး တပ်မတော်(KIA)သည် ပြီးခဲ့သည့် မတ်လ ၇ရက်နေ့တွင် မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းတစ်ကြောရှိ စစ်တပ်စခန်းကြီးငယ်များကို တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ယနေ့ မတ်လ ၂၇ရက်နေ့ နံနက်ပိုင်းအချိန်ခန့်မှလည်း မိုင်ဂျာယန်မြို့အနီးရှိ စစ်တပ်စခန်း၄ခုကို တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင် တိုက်ခိုက်ကာ၊ ယခုအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page