top of page

KIO အစိုးရမှရွှေတူးဖော်ခွင့် ပိတ်ပင်ထားသည့် လန်ဆယ်ဒေသတွင် တရုတ်၊ဝလုပ်ငန်းရှင်များနှင့်ဒေသခံအချို့ရွှေတူးဖော်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • May 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၉ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသတွင် ရွှေတူးဖော်ခြင်းကို KIOအစိုးရမှ တရားဝင်ပိတ်ပင်ထားသော်လည်း ရွှေတူးဖော်သည့်လုပ်ငန်းရှင်များမှာ နေ့စဉ်ဆက်လက်တူးဖော်လုပ်ကိုင်နေကြောင်း လန်ဆယ်ဒေသရှိကုန်သည်များ ပြောပြချက်အရ သိရသည်။


“ခုဒီမှာက အစိုးရတွေက ရွှေလုပ်ကိုင်တူးဖော်ခွင့်ကို တရားဝင်ပိတ်ထားပေမဲ့ တချို့ဒေသခံတွေနဲ့ တစ်ချို့သောလုပ်ငန်းရှင်တွေက ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်တယ်” ဟု လန်ဆယ်‌ဒေသမှ ကုန်သည်တစ်ဦးက ပြောသည်၊၊


လန်ဆယ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF) ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၁ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက် KIAမှ ယခုနှစ် ၊နှစ်ဆန်းပိုင်း ဇန္နဝါရီ၅ရက်နေ့ကတည်းက လန်ဆယ်ရွှေမှော်အား ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။


လက်ရှိ လန်ဆယ်ဒေသရှိရွှေမှော်ကို KIOအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသော်လည်း တစ်ချို့သောလုပ်ငန်းရှင်များ၊ လုပ်သားများနှင့်ဒေသခံအချို့မှာ ဆက်လက်လုပ်ကိုင် တူးဖော်လျက်ရှိနေသည်ဟု ဆိုသည်။


“အခုချိန်မှာ KIO အစိုးရက ရွှေတူးဖော်လုပ်ကိုင်ခွင့်ကို ပိတ်ထားပေမဲ့ တရုတ်နဲ့ ဝတွေကိုတော့ လုပ်ကိုင်ခွင့်ပေးထားတယ်။ အဲ့တာကြောင့် တချို့‌ဒေသခံတွေတောင် နေ့စားအဖြစ် သူတို့ဆီမှာလုပ်ပြီး ရှာဖွေစားသောက်နေကြတာ” ဟု အထက်ပါကုန်သည်က ဆက်ပြောသည်။


ဒေသခံများမှာ အစိုးရက တရားဝင်ပိတ်ပင်ထားသော်လည်း တရုတ်လုပ်ငန်းရှင်နှင့် ဝလုပ်ငန်းရှင်များမှာ နေ့စဉ်တူးဖော်လုပ်ကိုင်နေကြပြီး တစ်ချို့ဒေသခံများလည်း ထိုလုပ်ငန်းရှင်များ၏ လုပ်ကွက်ထဲတွင် နေ့စားလုပ်သားအဖြစ် အလုပ်လုပ်ကိုင် ရှာဖွေစားသောက်နေကြကြောင်း ဆိုသည်။


လန်ဆယ်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားသည့်အပြင် ဒေသခံများမှာ စိုက်ပျိုးရေးမဖြစ်ထွန်းသဖြင့် ရွှေတူးဖော်ခြင်းလုပ်ငန်းကိုသာ မှီခိုစားသောက်နေကြရကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page