top of page

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လမှ သတိပေးစကား ပြောဆိုပြီးနောက် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အချို့ လက်နက်ချအလင်းဝင်

  • Writer: Pajau Media
    Pajau Media
  • Nov 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၆ရက်၊နိုဝင်ဘာ၊၂၀၂၄။





စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များကို ရုတ်သိမ်းပြီး KIOလမ်းစဉ်တစ်ခုတည်းတွင် လျှောက်လှမ်းရန် KIOဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လမှ သတိပေး ပြောဆိုပြီးနောက် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အချို့ လက်နက်ချ အလင်းဝင်လာကြောင်း ဒေသခံများထံမှ သိရသည်။


KIA တပ်ဖွဲ့များမှာ နိုဝင်ဘာ ၂ရက်နေ့တွင် ဖီမှော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၄ရက်နေ့တွင် ကန်ဖန်ကျေးရွာ ကိုဆက်လျှက်သိမ်းယူခဲ့သည်။ ကန်ဖန်ကျေးရွာဘက်သို့ KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်လာချိန်တွင် နယ်ခြားစောင့် ပြည်သူ့စစ်တပ်သား(၁၀၀)ဝန်းကျင်က လက်နက်ချကာ KIAထံ အလင်းဝင်လာသောကြောင့် ကန်ဖန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သိမ်းယူထားနိုင်ကြောင်း သိရသည်။


သို့သော်လည်း အချို့စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်ဖွဲ့များက လက်နက်များကို ချောင်းထဲပစ်ပြီး ထွက်ပြေးခဲ့ကြောင်းနှင့် ဒေသခံ ပြည်သူများမှာ ရိုးရာဝတ်စုံဝတ်ဆင်ကာ KIAနှင့် ပူးပေါင်းတပ်ဖွဲ့များအား ကြိုဆိုနေသည့် ဗီဒီယိုဖိုင်များလည်း လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာသည်ကို တွေ့ရသည်။


KIAပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ တရုတ်နယ်စပ်၊ နယ်ခြားစောင့်တပ် အုပ်ချုပ်ဒေသသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး၊ ပန်ဝါမြို့နှင့်အတူ အခြားအရေးပါသည့် နေရာအတော်များများကို သိမ်းယူထားပြီးဖြစ်သည်။


လက်ရှိတွင် နောက်ဆုံးကျန်ရှိနေသည့် တရုတ်နယ်စပ် ကန်ပိုင်တည်မြို့အနီးတဝိုက်တွင် KIA နှင့် စစ်ကောင်စီတို့ စစ်ရေး တင်းမာနေပြီး တရုတ်ဘက်မှလည်း နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးကို ပိတ်ပင်ထားလိုက်သောကြောင့် နယ်စပ်ဒေသမှ ဒေသခံများ ခက်ခဲနေကြကြောင်းလည်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page