top of page

KIOထိန်းချုပ်နယ်မြေရှိ KTV ဆိုင်များအားလုံးပိတ်ပင်သွားရန် KIOဗဟိုဌာနချုပ်မှ ညွှန်ကြားစာထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Jun 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊ဇွန်လ၊၂၀၂၅။


KIAအမှတ်(၉)တပ်မဟာနယ်မြေဖြစ်သည့် ဖားကန့်‌ဒေသတွင် KTVနှင့် DJBar အကြီးအသေးဆိုင်များအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ပင်ရန် KIO ဌာနချုပ်မှညွှန်ကြားစာ ထုတ်ပြန်ထားသည်။


အဆိုပါ ညွှန်ကြားစာထုတ်ပြန်ချက်ကို ဇွန်လ(၂၆)ရက်နေ့တွင် ထုတ်ပြန်ထားခြင်း ဖြစ်ပြီး၊ KTVနှင့် DJBarဆိုင်များတွင် ငယ်ရွယ်သည့်လူငယ်များ၊ အိမ်ထောင်ရှိ အမျိုးသား/အမျိုးသမီးများနှင့် စီးပွားရှာသူများမှာ မူးယစ်ဆေးဝါးရောင်းဝယ်သောက်စားပြီး အပျော်လွန်ကာဘဝပျက်စီးခဲ့ရသူ များပြားလာသောကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်သွားရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။


အလားတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယာန်မြို့တွင်လည်း ပြီခဲ့သည့် ဇွန်လ၂၄ရက်နေ့က KTVဆိုင်များအားလုံး အမြန်ဆုံး ပိတ်သိမ်းသွားရန် KIOအစိုးရ၏ အရှေ့ပိုင်းတိုင်း အုပ်ချုပ်ရေးဌာနက ညွှန်ကြားထားခဲ့သည်။


ထို့အပြင် KIOဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ KTV(၂)ဆိုင်နှင့် Melody (၂)ဆိုင်ကိုလည်း ရက်အကန့်အသတ်မရှိ ခေတ္တယာယီပိတ်ထားရန် ပြီးခဲ့သည့် မေလ၂၄ရက်နေ့တွင် လိုင်ဇာမြို့အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားခဲ့သည်။


ထို့နည်းတူ KTV၊DJ Barဆိုင်များမှာ ခေတ်ပေါ် Happy Water၊ ကေ၊အီး အစရှိသည့် မူးယစ်ဆေးများ ရောင်းဝယ်ဖောက်ကားသည့် နေရာတစ်ခု ဖြစ်လာသောကြောင့် အမြန်ဆုံး ပိတ်ပင်သွားမည်ဟု ဆိုသည်။


KIOဗဟိုဌာနချုပ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ဒေသအခြေစိုက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီများနှင့် ပူးပေါင်းကာ အားသွန်ခွန်စိုက် ဆောင်ရွက်နေသည်မှာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်ကတည်းက ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page