top of page

KIOထိန်းချုပ်မှုအောက်ရှိ မိုးမောက်ဒေသမှ မူလတန်းကျောင်းများအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထား

  • Writer: Pajau Media
    Pajau Media
  • Nov 25, 2024
  • 1 min read

ပါဂျောင်မီီဒယာ

၂၅ရက်၊နိုဝင်ဘာ၊၂၀၂၄။





KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့များက ဂျက်လေယာဉ်များဖြင့် ဗုံးလာရောက်ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းကြောင့် လက်ရှိ မိုးမောက်ဒေသ KIOအုပ်ချုပ်မှုအောက်ရှိ KIOကျောင်းများ အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


မိုးမောက် မြို့သစ်ကုန်းလောဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာ၁၅ရက်နေ့ ညနေပိုင်းတွင် စစ်တပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေး၇ယောက် အပါအဝင် အားလုံးပေါင်း၉ယောက် အသက်သေဆုံးခဲ့ရပြီး ပြည်သူပေါင်း (၃၀)ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် နိုဝင်ဘာ၁၈ရက်နေ့မှစပြီး KIO အုပ်ချုပ်မှုအောက်ရှိ ကျောင်းများအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း သိရသည်။


ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချိန် အသက်သေဆုံးခဲ့သူများတွင် နမ့်တိန်ကျေးရွာ အခြေခံမူလတန်းကျောင်းမှ ဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦးတို့ အသက်သေဆုံးခဲ့ရကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်ကြောင့် ကျောင်းသားမိဘများက ကျောင်းသားများကို ကျောင်းမသွားခိုင်းတော့ခြင်းနှင့် ကျောင်းပိတ်ထားခဲ့ရပြီး၊ ဒီဇင်ဘာလဆန်းတွင် ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်အောင် ပြောထားပေမယ့် ယင်းအချိန် ဖွင့်နိုင်မဖွင့်နိုင် အတိအကျ အသေအချာ မသိနိုင်သေးကြောင်း ဒေသခံများ ဆက်ပြောသည်။


လက်ရှိ ပိတ်ပင်ထားသည့် ကျောင်းများမှာ KIA ပူးပေါင်းတပ်ဖွဲ့များ၏ မတ်လ၇ရက်နေ့ကတည်းက စတင်လာသည့် ထိုးစစ်ဆင်တိုက်ပွဲတွင်း သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့သစ်ကုန်းလော၊ မန်နောင်၊ စီဟပ်၊ နွမ်လန့်နှင့် နမ့်တိန်ကျေးရွာမှ အခြေခံမူလတန်းကျောင်းများ ဖြစ်ကြောင်း သိရသည်။


လက်ရှိအချိန်အထိ စစ်တပ်က KIA ပူးပေါင်းပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသသို့ ဂျက်လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်သည့်အပြင် ဗန်းမော်မြို့နှင့် မိုးမောက်မြို့အကြားတွင် ဗန်းမော်မြို့အခြေစိုက်သည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်မှာ သုံးလနီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page