KNF အဖွဲ့အစည်းမှ စစ်တပ်များ ကချင်ပြည်နယ်မှ အမြန်ဆုံး ထွက်ခွာရန် သဘောထား ထုတ်ပြန်
- Pajau Media

- Jan 10, 2024
- 1 min read
ပါဂျောင်မီဒီယာ

ဇန္နဝါရီလ (၁၀)ရက်နေ့ ယနေ့ကျရောက်သည့် (၇၆) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင် ယခင်နှစ်ကဲ့သို့ ဝတ်ပြုဆုတောင်း အခမ်းအနားအစီအစဉ်များ မကျင်းပသည့်အပြင် Kachin National Forum - KNF အဖွဲ့အစည်းမှလည်း ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များအားလုံးကို ဂုဏ်ပြုကြောင်းနှင့် ပြည်သူလူထုများကို နှစ်ပေါင်းများစွာ နည်းလမ်းမျိုးစုံဖြင့် မတရားဖမ်းဆီး သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်များအားလုံး ကချင်ပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာပေးရန် ယနေ့မနက်ပိုင်းမှာ သဘောထားထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံးမှ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင် ရွက်ပေးရန်။ မိမိပြည်နယ်နှင့် အခြားပြည်နယ်များအားလုံး မိမိကံကြမ္မာဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန်နှင့် ပြည်သူလူထုများကို နှစ်ပေါင်းများစွာ နည်းလမ်းမျိုးစုံဖြင့် မတရားဖမ်းဆီးသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များအားလုံး ကချင်ပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာပေးရန် ဟူ၍ ပါရှိသည်။
ဇန္နဝါရီလ (၁၀)ရက်နေ့တွင် ကျရောက်သော ၇၆ကြိမ်မြေက် ကချင်ပြည်နယ်နေ့ကို ယခင်နှစ်တွင်မှာ ပြည်သူများ အများအပြားနှင့် ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်မှာ ကချင်လူထု အဖွဲ့အစည်းများမှ ဦးစီးဦးဆောင်ပြီး ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကျင်းပခြင်းမျိုး မရှိကြောင်း သိရသည်။
ကချင်ပြည်နယ်သည် ရှေးနှစ်ပေါင်းမျာစွာ မိမိနယ်မြေတွင် ဒူဝါစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် နယ်မြေဖြစ်သည့်အပြင် ၁၉၄၅ ခုနှစ်မှ စ၍ ဗြိတိသျှအစိုးရမှ KACHIN HILL REGULATION အက်ဖြင့် တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။
ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆိုပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့တွင် လွတ်လပ်ရေး အတူတကွ ရယူခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးရယူပြီး မှစတင်ပြီး ယနေ့အချိန်ထိ ကချင်လူမျိုးများအား နိုင်ငံရေးနှင့် တန်းတူဆက်ဆံမှုမရှိဘဲ အဖက်ဖက်မှ ဖိနှိပ်ခံခဲ့ရသည်မှာ နှစ်ပေါင်း (၈၀) နီးပါး ရှိလာပြီဖြစ်သည်ဟု Kachin National Forum – KNF ထုတ်ပြန်ချက်၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၁ခုနစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီး နောက်ပိုင်းမှ စတင်၍ တစ်နိုင်ငံလုံး စစ်တပ်အာဏာ တော်လှန်ရေးမှာ ပါဝင်နေကြချိန် ကချင်ပြည်နယ်အတွင်း ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကြီးကိုလည်း လွတ်လွတ်လပ်လပ် ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း ဆိုသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဇန္နဝါရီ (၁၀)ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်သည်မှာ ယနေ့တွင် (၇၆)နှစ် ပြည့်ခဲ့ပြီဖြစ်သော်လည်း တရားမျှတသော အခွင့်အရေးများ မရရှိခဲ့သည့်အပြင် ယခုနှစ်အထိ ကချင်ပြည်နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
သတင်း - လေပြေ
#Photo Credit#




Comments