top of page

MPT ဖုန်းလိုင်းတစ်ခုသာ အဆက်အသွယ်ရပေမယ့် ဖုန်းငွေဖြည့်ကဒ် ရောင်းကုန်သောကြောင့် ပြည်သူများ ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Aug 3, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၊ ၈၊ ၂၀၂၄။



မြစ်ကြီးနားမြို့ အပါအဝင် ကချင်တစ်ပြည်နယ်လုံး ဖုန်းအဆက်အသွယ် ပြတ်တောက်ပြီးနောက် မြစ်ကြီးနားမြို့တွင် MPT(ဖုန်းငွေဖြည့်ကဒ်)များ ရောင်းကုန်သွားသောကြောင့် ပြည်သူများ ဖုန်းဆက်သွယ်ရေးအတွက် အခက်အခဲ ဖြစ်နေကြသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦး ပြောပြချက်အရ သိရသည်။


“အခုက MPT ဖုန်းကဒ်တစ်ခုပဲ တစ်ခါတလေ ဖုန်းဆက်လို့ရနေတာဆိုတော့ အဲ့တာပဲ စုဝယ်ကြပြီး MPTက အရောင်းသွက်နေတာ။ ဆိုင်သေးအများစုက ဖုန်းငွေဖြည့်ကဒ် ကုန်သလောက်ဖြစ်နေတယ်။ ဆိုင်ကြီးတွေအနည်းစုပဲ ရှိတော့တယ်။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။


ဖုန်းအဆက်အသွယ်ပြတ်တောက်ပြီး ဩဂုတ်လဆန်းတစ်ရက်နေ့နောက်ပိုင်း မြစ်ကြီးနားမြို့တွင် MPT ဖုန်းအော်ပရေတာတစ်ခုသာ ရံဖန်ရံခါ ဖုန်းအဆက်အသွယ်ရခဲ့ပေမယ့် မြို့တွင်းဆိုင်အများစုမှာ ဖုန်းငွေဖြည့်ကဒ်များ ရောင်းကုန်သွားသောကြောင့် ပြည်သူများ ခက်ခဲနေကြခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။


ပြီးခဲ့သည့် ဇူလှိုင်၂၁ရက်နေ့ကတည်းက MPT, Atom, Ooredoo နှင့် Mytel ဖုန်းလိုင်းအပါအဝင် အင်တာနက်လိုင်းနှင့် WiFi လိုင်းများအားလုံး ပြတ်တောက်သွားခဲ့ပြီး၊ ဩဂုတ်လဆန်းပိုင်းမှစတင်ကာ MPT ဖုန်းအော်ပရောတာတစ်ခုသာ ဖုန်းအဆက်အသွယ် ရခဲ့သည်ဟု ဆိုသည်။


လက်ရှိမှာတော့ မြစ်ကြီးနားမြို့ခံများမှာ ၅မိနစ်မှ ၁၀မိနစ်ခြား တစ်ကြိမ်ရနေသည့် MPT ဖုန်းလိုင်းကိုသာ ခက်ခက်ခဲခဲ အသုံးပြုနေကြပေမယ့် အရောင်းဆိုင်သေးများတွင် ဖုန်းငွေဖြည့်ကဒ် ရောင်းကုန်သွားသည့်အတွက် အချို့မှာ အခြားတိုင်း/ပြည်နယ်မှတစ်ဆင့် အကူအညီတောင်းယူနေရကြောင်း ပြောသည်။


ဇူလှိုင်လလယ်ပိုင်းမှစပြီး ပြတ်တောက်သွားခဲ့သည့် အင်တာနက်လိုင်းများမှာ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အာဏာရစစ်ကောင်စီအစိုးရမှ ကန့်သတ်ပိတ်ပင်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုနေကြပေမယ့် ပါဂျောင်မီဒီယာမှ သီခြားအတည်မပြုနိုင်သေးပါ။


Comments


Pajau Media

Thanks for subscribing!

bottom of page