top of page

MPT ဖုန်းအဆက်အသွယ်များ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒေသခံများ ဆက်သွယ်ရေးတွင် ခက်ခဲနေဆဲ

  • Writer: Pajau Media
    Pajau Media
  • Aug 14, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၄၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အပါအဝင် မိုးကောင်းမြို့မှ ကျွန်းတောရပ်ကွက်နှင့် နမ္မတီးမြို့မှ ကျောက်တောင်ရပ်ကွက်များတွင် ဩဂုတ်လဆန်းပိုင်းမှစပြီး MPTဖုန်းအဆက်အသွယ်များ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် ခက်ခက်ခဲခဲ ဆက်သွယ်နေကြရဆဲဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


မြစ်ကြီးနားမြို့အနီးရှိ နမ္မတီးမြို့တွင် ကျောက်တောင်ရပ်ကွက်တစ်ခုသာ MPTဖုန်းအော်ပရေတာဖြင့် အဆက်အသွယ်ရသလို မိုးကောင်းမြို့မှ ကျွန်းတော်ရပ်ကွက်တစ်ခုထဲတွင်သာ ဖုန်းအဆက်အသွယ်ရကြပြီး၊ မြစ်ကြီးနားမြို့တွင်းမှ အချို့ရပ်ကွက်များ၊ MPTရုံးနှင့် အစိုးရဌာနဆိုင်ရာရုံးခွဲများ အနီးဝန်းကျင်တွင်သာ ဖုန်းအဆက်အသွယ်ရကြသည့်အပြင် ဖုန်းအဝင်ခေါ်ဆိုမှုတစ်ခုအတွက် အကြိမ်ကြိမ်ကြိုးစား ဆက်သွယ်ကြရသည်ဟု ဆိုသည်။


ထို့အပြင် ဒေသခံများမှာ ဖုန်းအဝင်ခေါ်ဆိုမှုတစ်ခုအတွက် ဖုန်းလိုင်းမိသည့်နေရာသို့ သွားရောက်ဆက်သွယ်ချိန်မှာလည်း စစ်သားများမှ စစ်ဆေးမေးမြန်း စုံစမ်းမှုများလုပ်ဆောင်လာသဖြင့် အလွန်အရေးကြီးသည့်အချိန်မှလွှဲ၍ မဆက်သွယ်ကြကြောင်း နမ္မတီး-ကျောက်တောင်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။


“နမ္မတီးဒေသမှာက ကျောက်တောင်ရပ်ကွက်မှာပဲ ဖုန်းလိုင်းရတယ်။ ဒါတောင် ဖုန်းအဝင်ခေါ်ဆိုမှုတစ်ခုအတွက် အကြိမ်ကြိမ်ခေါ်ဆိုရတယ်။ တစ်ခြားနေရာတွင်မှာ ဖုန်းလိုင်းမရတော့ အဲ့ဘက်မှာပဲ သွားရတယ်။ သိပ်အရေးမကြီးဘူးဆို သွားမဆက်ဖြစ်တော့ဘူး။ စစ်သားတွေက အဲ့ဒီနေရာတွေမှာ စခန်းချနေတာတော့ မဟုတ်ပေမယ့် တစ်ခါတစ်လေ အချိန်မရွေး စစ်ဆေးမေးမြန်းတာတွေ ရှိတတ်တယ်။”


ကချင်တစ်ပြည်နယ်လုံးတွင် ပြီးခဲ့သည့် ဇူလှိုင်လ ၂၁ရက်နေ့မှစ၍ အာဏာရစစ်ကောင်စီမှ ဖုန်းအဆက်အသွယ်နှင့် အင်တာနက်လိုင်း၊ Wifiလိုင်းများအားလုံး တစ်ချိန်တည်းမှာပင် ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။


ယင်းဖုန်းအဆက်အသွယ်ပြတ်တောက်ပြီးနောက် မြစ်ကြီးနားမြို့မှ MPT ရုံးရှေ့တွင်သာ ဖုန်းလိုင်းရရှိသောကြောင့် အခြားနယ်ဝေးဒေသဖြစ်သည့် မိုးကောင်း၊မိုးညှင်းဒေသမှ ပြည်သူများအထိ လာရောက်ဖုန်းခေါ်ဆိုခဲ့ရသည့် အခြေအနေရောက်ရှိသွားခဲ့ရပြီး၊ ဩဂုတ်လဆန်းပိုင်းမှ MPT ဖုန်းအဆက်အသွယ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် နေရာဒေသ အချိန်အကန့်အသတ်ဖြင့်သာ ရရှိသေးသောကြောင့် ဒေသခံများ ဆက်သွယ်ရေးမှာ ယနေ့အထိ ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။


Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.

Pajau Media

Thanks for subscribing!

bottom of page