top of page

PCG အဖွဲ့၏ ဦးဆောင်ညှိနှိုင်းမှုဖြင့် စကစမှ အောင်မြေ(၂) ကျေးရွာအတွင်း ပိတ်မိနေသူ ဒေသခံများကို ထွက်ခွာခွင့်ပေး

  • Writer: Pajau Media
    Pajau Media
  • Mar 13, 2024
  • 1 min read

Updated: Mar 14, 2024

ပါဂျောင်မီီဒီယာ

၁၃ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာရှိ ပိတ်မိပြည်သူများမှာ ယနေ့ မတ်လ ၁၃ရက် မွန်းလွှဲပိုင်းတွင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ၏ ဦးဆောင်တောင်းဆိုမှုဖြင့် ဝိုင်းမော်မြို့ရှိ မိုင်းနား KBC စစ်ရှောင်စခန်း (KBC Bawng Ring Camp)သို့ ရောက်ရှိလာခဲ့ပြီဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးထံမှ သိရသည်။


“PCG ရဲ့ ဦးဆောင်တောင်းဆိုမှုနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ခွင့်ပြုပေးလို့ အောင်မြေ (၂) ရွာသားတွေကို ကယ်ထုတ်လာနိုင်ပြီး သူတို့ကို မိုင်းနားမှာရှိတဲ့ KBC စစ်ရှောင်စခန်း (KBC Bawng Ring Camp) မှာ နေရာချပေးထားတယ်၊ ပိတ်မိသူအားလုံးကို ခေါ်ထုတ်လာနိုင်ပြီ” ဟု WBA (Waingmaw Baptist Association) မှ တာဝန်ရှိသူ ဘာသာရေးဆရာတစ်ဦးက ပြောသည်။


ထို့အပြင် မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးမှလည်း ယမန်နေ့ကတည်းက စစ်ရှောင်တွေအတွက် အစားအစာတွေ ချက်ပြုတ်ထားကာ စောင့်ဆိုင်းခဲ့သော်လည်း မရောက်ရှိလာသောကြောင့် စခန်းအတွင်း လိုက်လံဝေခဲ့ရသည့်အပြင် ယနေ့လည်း အစားအစာများကို ချက်ပြုတ်ပြင်ဆင်ကာ ထပ်မံစောင့်ဆိုင်းခဲ့ကြောင်း ထပ်မံပြောပြသည်။


စခန်းတာဝန်ခံပြောပြချက်အရ ယခုအချိန်ထိ စခန်းသို့ စစ်ရှောင်လာသူစာရင်းမှာ ထပ်တိုးနေဆဲဖြစ်ပြီး၊ အောင်မြေ(၁)၊ (၂)နှင့် ရွှေညောင်ပင်မှ ပြည်သူတစ်ထောင်ကျော်အတွက် အချက်အပြုတ် ပြင်ဆင်ထားခိုင်းကြောင်း ထပ်မံသိရသည်။


အောင်မြေ(၂) ဒေသခံများသည် မတ်လ ၈ရက်နေ့မှစပြီး စစ်ကောင်စီတပ်များ၏ ပိတ်လှောင်ထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်းနှင့် ထိန်းသိမ်းခံကာလအတွင်း အသက်အရွယ်ကြီးရင့်သူများနှင့် ကလေးသူငယ်များ၏ ကျန်းမာရေး အခြေအနေမှာ အလွန်ဆိုးရွားခဲ့ကာ သက်ကြီးရွယ်အိုအချို့ သေဆုံးသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီတပ်များ၏ ဓားစာခံထိန်းသိမ်းမှုအပေါ် ဖြေလျှော့လွှတ်ငြိမ်းခွင့်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ ဝိုင်းမော်အရပ်ဘက် လူမှုကူညီရေး အသင်းအဖွဲ့များ၊ KBCနှင့် အခြားဘာသာရေး အသင်းတော်မှ တာဝန်ရှိသူများက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံ တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ယနေ့ မတ်လ ၁၃ရက်နေ့တွင် အာဏာပိုင်များက ခွင့်ပြုပေးခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို မွန်းလွှဲပိုင်းမှ စတင်လုပ်ဆောင်နိုင်ခဲ့ကြောင်း WBC (Waingmaw Baptist Church) မှ ဆရာတစ်ဦးက ထပ်မံပြောပြသည်။


ပါဂျောင်မီဒီယာမှ ညနေ ၄နာရီအချိန်တွင် မိုင်းနား KBC စစ်ရှောင်စခန်း(KBC Bawng Ring Camp) မှ တာဝန်ရှိသူများထံ ဆက်သွယ်ရာတွင် မည်သူမျှ မရောက်ရှိသေးကြောင်းနှင့် အောင်မြေ(၁) ပြည်သူ့စစ်ဂိတ်တွင် မှတ်ပုံတင်နှင့် အထွေထွေ စစ်ဆေးရေးများ ဝင်ကာ ပြည်သူများကို စိတ်ဒုက္ခပေးနေသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။ ထို့နောက် ညနေ၆နာရီအချိန်မှ ပိတ်မိပြည်သူများ စခန်းသို့ စတင် ရောက်ရှိလာကြောင်း သိရသည်။


သတင်း -လေပြေ

Comments


Pajau Media

Thanks for subscribing!

bottom of page