ကြာကြီးကွင်း ပြည်သူ့စစ်ဂိတ်တွင် ကချင်လူမျိုးများကို ပိုမိုစစ်ဆေး
- Pajau Media

- Aug 6, 2025
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ ဩဂုတ်၊ ၂၀၂၅။

ဟိုပင်မြို့အနီး၊ ကြာကြီးကွင်း ကျေးရွာအတွင်းဘက် အထိုင်ချနေသည့် ရှမ်းနီဌာနေပြည်သူ့စစ်ဂိတ်တွင် ဆိုင်ကယ်၊ ကားများကို ပြင်းပြင်းထန်ထန် စစ်ဆေးနေသည့်အပြင် ကချင်လူမျိုးဆိုလျှင် အခြားသူများထက် တင်းကြပ်စွာ စစ်ဆေးနေကြောင်း ကားဆရာများထံမှ သိရသည်။
ကားဆရာတစ်ဦးက ''ကျနော်က ဗမာလူမျိုးပါဘဲ။ ရေချိုးပြီးလို့ ကချင်ပုဆိုးလဲဝတ်ပြီး ကားမောင်းထွက်လာတာ၊ ကြာကြီးကွင်းဂိတ်ရောက်တော့ ကချင်ပုဆိုးဝတ်လို့ဆိုပြီး ထိုင်ထ အခါတစ်ရာလုပ်ခိုင်းတာ။ ကျနော့အဖြစ်အပျက်ရဲ့ ရှေ့ဆင့်နောက်ဆင့်မှာဘဲ ကျနော်သူငယ်ချင်း(ကချင်)ရဲ့ကားရှေ့မှန်မှာ မနောတိုင် စတစ်ကာ ကပ်ထားတာလဲ၊ အဲဂိတ်မှာ ခွာခိုင်းတယ်တဲ့။ မခွာရင် ကားမှန်ရိုက်ခွဲမယ်လို့ ပြောတယ်တဲ့။ မြစ်ကြီးနားကနေ အောက်ပိုင်းကို ပို့တဲ့ ကချင်မိတ်အထည်တွေ အဲဂိတ်မှာ စစ်ဆေးမိရင် အကုန်ဖျက်စီးပေးတယ်လို့လည်း ကြားတယ်။” ဟု ပြောပြသည်။
ရှမ်းနီပြည်သူ့စစ်များမှာ ကချင်လူမျိုးများကိုသာ အဓိကထား စစ်ဆေးတင်းကြပ်ပြီး၊ လမ်းပိုင်းသွားလာမရအောင် အမျိုးမျိုးပိတ်ဆို့ တားမြစ်နေကြကြောင်း သိရသည်။
ကြာကြီးကွင်းကျေးရွာသည် ဟိုပင်မြို့နှင့်ကပ်လျက်ရှိနေသော ပြည်ထောင်စုလမ်းမကြီးပေါ်က ကျေးရွာဖြစ်ပြီး၊ ရှမ်းနီပြည်သူ့စစ်ဂိတ်လည်း ပြည်ထောင်စုလမ်းမပေါ် အုတ်ရိုးခံတပ် ဌာနေပြည်သူ့စစ်ဟု အထိုင်ချထားသည့် ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။
အလားတူ အင်းတော်ကြီးဒေသ နန့်မွန်မြို့၊ မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာတို့ကို စစ်တပ်နှင့် SNAရှမ်းနီတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီးနောက် ကချင်လူမျိုးများမှာ လူမျိုးရေးခြိမ်းခြောက်ခံခဲ့ရတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့်အပြင် ရှမ်းနီက ကချင်လူမျိုးများ နေထိုင်မရအောင် အမျိုးမျိုးခြိမ်းခြောက် ပြောဆိုဆက်ဆံခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါ မိုင်းနောင်နှင့် မမုံကိုင် သိမ်းပိုက်လိုက်ပြီးနောက် အင်းတော်ကြီး-ဖားကန့်သွား လမ်းပိုင်းတစ်လျှောက်ကိုလည်း စစ်ဆေးရေးကို တင်းကြပ်ပြီး ကချင်လူမျိုးများကိုသာ အဓိကသွားလာ၍မရအောင် ဖမ်းဆီးရိုက်နက်ခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်း - ထိန်နန်




Comments