top of page

ကြွက်ဘေးကြောင့် စပါးအနည်းငယ်သာ ရိတ်သိမ်းနိုင်ပြီး ဆွမ်ပရာဘွမ်မြို့နယ်တွင်းရှိ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Apr 7
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ဧပြီလ၊၂၀၂၆။


ဆွမ်ပရာဘွမ်မြို့နယ်ရှိ အချို့ဒေသများတွင် ယခင်နှစ် စပါးရိတ်သိမ်းချိန်တွင်း ကြွက်ဘေးကျရောက်ခဲ့ပြီး စပါးအနည်းငယ်သာ ရိတ်သိမ်းရရှိခဲ့သောကြောင့် ယခုချိန် အစားအသောက်ပြတ်လတ်ကာ ခက်ခဲနေကြောင်း သိရသည်။


ဆွမ်ပရာဘွမ်မြို့နယ်ရှိ လုံဝန်၊ လဂေါန်ကထောင်၊ ထိန်နန်၊ အင်စိုင်းယန်နှင့် ခင်ဒူယာန် စသည့်ဒေသများတွင် ကြွက်ဘေးကျရောက်ကာ စပါးအနည်းငယ်မျှသာ ရိတ်သိမ်းနိုင်သောကြောင့် အစားအ‌သောက်ပြတ်လပ်ကာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေသည်ဟု လုံဝန်ကျေးရွာတွင် နေထိုင်သူ မျိုးသားတစ်ဦးက ပြောပြသည်။


“ကျွန်တော်တို့က တောင်ယာတစ်ခုလုံးကိုမှ ပုံး(၅၀) လောက်ပဲရတာ(၂ပုံး=၁တင်း)။ တချို့ဆို ရိတ်သိမ်းစရာ မရှိတဲ့ လူတွေလည်းရှိတယ်။ တခြားကောက်ပဲသီးနှံတွေလဲ အကုန်စားလိုက်တော့ မရလိုက်ဘူး။ ဒီမှာရွှေလုပ်တဲ့ သူဌေးတွေ တခါတလေ ဆန်တစ်အိတ်လောက်တော့ ပေးတတ်တယ်။ အဲ့ဒါတွေနဲ့ အသက်ဆက်နေရတာ။” ဟု ပြောသည်။


ထိုဒေသတို့ကို KIA က ထိန်းချုပ်ထားတာဖြစ်ပြီး KIA နှင့် NGO အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှု အနည်းငယ်ရရှိခဲ့သော်လည်း လောက်ငှခြင်းမရှိ မလုံလောက်ဘဲ အချို့မိသားစုများမှာ ပိန်းဥ၊ ကန်စွန်းဥများ စားနေရသည်ဟု ဆိုသည်။


ဆွပ်ပရာဘွမ်မြို့နယ်တွင် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်နေပြီး အခြားဝင်ငွေရရှိသည့် လုပ်ငန်းများ မရှိသောကြောင့် ပိုမိုခက်ခဲနေကြောင်း သိရသည်။


အစားအသောက်သယ်ယူရာတွင်လည်း လမ်းခရီးကြမ်းတမ်းခြင်း၊ စက်လှေ၊ ကား၊ ဆိုင်ကယ်တို့ဖြင့် အဆင့်ဆင့် သယ်ယူရသောကြောင့် လုံဝန်ကျေးရွာအ‌‌ရောက်တွင် ဆန်တစ်အိတ်ကို ၃ သိန်းကျော်ထိ ရှိနေသည်။


ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်ကတည်းက ကြွက်ဘေးကျရောက်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ကြွက်ဘေးများ ပိုမိုဆိုးရွားလာကာ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် အဆိုးရွားဆုံးဖြစ်သည်ဟု သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page