top of page

ကျောင်းသား ၁၀၀၀ ကျော်အတွက် ကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်

  • Writer: Pajau Media
    Pajau Media
  • Aug 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ ဩဂုတ်၊ ၂၀၂၅။



KIA ဌာနချုပ် လိုင်ဇာဒေသ ဂျေယာန်ချောင်း ရေကြီးရေလျှံဖြစ်လာသောကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားသည့်အပြင် အလဲန်ဘွမ်ကျောင်း၏ ဆေးပေးခန်း ရေစီးနှင့်အတူ မျောပါပျက်စီးသွားသောကြောင့် ကျောင်းသား ၁၀၀၀ ကျော်အတွက် အရေးပေါ် ဆေးဝါးပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။


KIO အစိုးရမှ ဆေးဝါးကျွမ်းကျင်သူ(၂)ဦးကို ခန့်အပ်ပေးထားပြီး Child Dream လူမှုကူညီရေးအဖွဲ့ကလည်း ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ကာ၊ ကျန်းမာရေးအတွက် လိုအပ်သည့်နေရာတွင် ကျောင်းမှတာဝန်ယူဖြေရှင်းပေးနေချိန် ယခုကဲ့သို့ ရေဘေးကြုံခဲ့ရခြင်းဖြစ်ကြောင်း အလဲန်ဘွမ်ကျောင်းဆရာတစ်ဦးက ယခုကဲ့သို့ ပြောသည်။


“အလဲန်ဘွမ့်ကျောင်းမှာ ဆေးပေးခန်းက မရှိမဖြစ်လိုအပ်လို့ Kpict ကနေ ကူညီပေးပြီး၊ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဆေးပေးခန်းမှာ ကြည့်ရှု့ကူညီပေးမဲ့ ဆေးဝါးကျွမ်းကျင်သူနှစ်ယောက်ကိုတော့ အစိုးရကနေ ခန့်ထားပေးတယ်။ ဆေးဝါးပစ္စည်းတွေကိုတော့ လတိုင်း Child dreamကနေ ပေးနေတာတော့ ရှိတယ်။ ဒါပေမယ့် လုံလောက်မှု‌တော့ မရှိဘူး။ ကျန်တာကိုတော့ ကျောင်းကနေပဲ တာဝန်ယူဆောင်ရွက်ပေးနေရတာ။ ရေဘေးကြောင့် ဝယ်ယူထားတဲ့ ဆေးဝါးတွေအကုန် ပါသွားတယ်။ အဲ့ကြောင့် အခုဆေးဝါးက အရေးပေါ် လိုအပ်နေတယ်။” ဟု ပြောသည်။


အလဲန်ဘွမ်ကျောင်းတွင် နှစ်တိုင်း ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် Kpict မှ ကူညီထောက်ပံ့မှုဖြင့် ၂၀၂၂ခုနှစ်တွင် ဆေးပေးခန်းကို တည်ဆောက်ပေးခဲ့ကြောင်းနှင့် အလဲန်ဘွမ်ကျောင်းမှာ မြို့ကြီးနေရာသို့ ကျောင်းသွားတက်ရန် ခက်ခဲသူများနှင့် စစ်ရှောင်ကလေးများတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ကြောင်း သိရသည်။


အလဲန်ဘွမ်ကျောင်းတွင် ယခင်က နယ်စပ်ဒေသမှ ကလေးများသာ အများစုတက်ရောက်ကြပေမယ့် တစ်နိုင်ငံလုံးအာဏာသိမ်းပြီးချိန်မှာတော့ မြန်မာနိုင်ငံ နေရာအနှံက ကျောင်းသား/သူများ လာရောက်တက်ရောက်ကြသည်ဟု ဆိုသည်။


လက်ရှိ ၂၀၂၅-၂၀၂၆ခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား စုစုပေါင်း (၁၃၅၅)ဦး တက်ရောက်သင်ကြားနေသည့် ကျောင်းကြီးတစ်ကျောင်းဖြစ်သောကြောင့် ဆေးဝါးပစ္စည်းများအပြင် အခြားလိုအပ်သည့် အကူအညီလည်း လိုအပ်နေသည်။


ထို့အပြင် ရေဘေးကြုံနေရသည့် မုန်းဆိုင်ယန်၊ဂျာထူကောင်၊ ဂျေယန်စစ်ရှောင်စခန်း၊ ဖုန်လွမ်ယန်၊ ဆွတ်မူအောင် စသည့်ဒေသမှ ပြည်သူများအတွက် အဝတ်အထည်၊ စောင်နှင့် အိမ်သုံးပစ္စည်းများစွာ လိုအပ်နေကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page