top of page

ကုန်စည်ကားများဝင်ရောက်လာသော်လည်း ကုန်ဈေးနှုန်းမြင့်တက်နေဆဲဖြစ်သည့် ပူတာအို

  • Writer: Pajau Media
    Pajau Media
  • Jun 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




ree

သုံးလကျော်ကြာ ကားလမ်းပိတ်ပင်ခံရသည့် ပူတာအိုဒေသတွင် ထပ်မံ၍ ခရိုင်တစ်ခုလုံး အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့်အပြင် ကုန်တင်ကားများ အလှည့်ကျရောက်ရှိနေသော်လည်း ကုန်ဈေးနှုန်းမှာ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့တွင် မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်းမှ ကုန်ပစ္စည်းများကို ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကုန်ကား၁၄စီးက ပထမအကြိမ်အဖြစ် တက်ခွင့်ရခဲ့ပြီး၊ ဇွန်လ၁၆ရက်နေ့တွင် စက်သုံးဆီသယ်ယာဉ် သီးသန့် ၈စီး တက်ခွင့်ရခဲ့သည်။


 လမ်းပိတ်နေချိန် ကျပ်၈သောင်းမှ တစ်သိန်းနီးပါးအထိ ပေးဝယ်နေရသည့် ဓါတ်ဆီတစ်လီတာကို လက်ရှိအချိန်မှာတော့ နှစ်သောင်းကျော်နှင့် ပေးဝယ်နေရပြီဖြစ်သော်လည်း၊ သုံးသိန်းဝန်းကျင် ပေးဝယ်နေရသည့် ဆန်တစ်အိတ်ကိုတော့ လက်ရှိအချိန်တွင် တစ်သိန်းကျော်မှ နှစ်သိန်းဝန်းကျင်အထိ ပေးဝယ်နေရဆဲဖြစ်သည်ဟု Mec ကဒ်အသုံးပြုသည့် ပူတာအိုဒေသခံတစ်ဦးထံမှ သိရသည်။


 “ကုန်ဈေးနှုန်းတွေက မြစ်ကြီးနားကနေ သယ်လာတာ။ လမ်းမှာက အကောက်အခွန်များတာတွေ၊ လမ်းကြမ်းတမ်းတာတွေနဲ့ ဒီရောက်တော့ အရင်ဈေးနှုန်ထက် မများပေမယ့် ပုံမှန်ဈေးနှုန်းအထိတော့ မကျသေးဘူး။ ဆန်ဆိုရင် တစ်သိန်းခွဲလောက် ကျသွားတယ်။ နဲနဲတော့ ကျသွားတယ်ပေါ့။”


ထို့အပြင် ပူတာအိုမြို့ထဲ ရောက်ရှိနေသည့် ကုန်ကားများမှာ ကားအသေးများသာဖြစ်ပြီး၊ မိုးတွင်းကာလ လမ်းခရီးကြမ်းတမ်းခြင်းနှင့် ကားလမ်းတစ်လျှောက် အကောက်အခွန်တန်ဆာခများပြီး ကားခဈေးကြီး ကောက်ယူနေခြင်းကြောင့်လည်း ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်ဟု အထက်ပါဒေသခံ ပြောသည်။


ထိုကြောင့် အခြေခံစားသောက်ကုန်များမှာ ကားလမ်းပိတ်ပင်ထားချိန်က ဈေးနှုန်းထက် အနည်းငယ်လျော့နည်းသွားသော်လည်း ပုံမှန်ဈေးနှုန်းအထိ မရောက်သေးဘူး ဟု ဆိုသည်။


ပူတာအိုမြို့ထဲ ကုန်ကားများ ရောက်ရှိလာသည့်နောက်ပိုင်း ဇွန်လ၁၀နေ့ကတည်းက ပူတာအိုဒေသတွင် အင်တာနက်လိုင်းနှင့် ဖုန်းအော်ပရေတာများအားလုံး ပြတ်တောက်ခံခဲ့ရသည်။ အင်တာနက်လိုင်း ပြတ်တောက်ခံရသည်မှာ တစ်လနီးပါး ရှိလာပြီဖြစ်ပြီး၊ ဖုန်အော်ပရေတာအားလုံး ပြတ်တောက်ခံရသည်မှာ တစ်ပတ်နီးပါး ရှိနေပြီ ဖြစ်သည်။


လက်ရှိမှာတော့ ပူတာအိုဒေသတွင် MPT/Ooredoo/Telenor/Mytel စသည့် လိုင်းများအားလုံး ပြတ်တောက်နေပြီး၊ Mec ကဒ်တစ်ခုသာ ဖုန်းပြောနိုင်ခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် Mec ကဒ်သည်လည်း အင်တာနက်လိုင်း အသုံးမပြုနိုင်တော့သည့်အပြင် ကဒ်လည်း ဝယ်လို့မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။


ဆွမ်ပရာဘွမ်ဒေသတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန် မတ်လကတည်းက လုံခြုံရေးဟုဆိုကာ မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး၊ ဇွန်လ၁၀ရက်နေ့နောက်ပိုင်းတွင် ဖုန်းအော်ပရေတာနှင့် အင်တာနက်လိုင်းအားလုံးကို စက်သုံးဆီလုံလောက်မှုမရှိသည့် အကြောင်းပြချက်ဖြင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page