top of page

ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့သို့ လာရောက်နေထိုင်သူများ ခက်ခဲရုန်းကန်နေရ

  • Writer: Pajau Media
    Pajau Media
  • May 7
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ မေလ၊ ၂၀၂၆။


ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့တွင် ယခုနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် နေအိမ်အခန်းငှားခများ ဈေးအဆမတန်မြင့်တက်လာမှုကြောင့် အခြားနေရာဒေသများမှ လာရောက်လုပ်ကိုင် နေထိုင်သူများအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေထိုင်ကြရသည်ဟု ဆိုကြသည်။


၂၀၂၅ခုနှစ် မတ်လကတည်းကစပြီး နေရာအရပ်အသီးသီးမှ စစ်ရှောင်ပြည်သူ အများအပြား ဝင်ရောက်လာသလို ကျောင်းလာရောက်သင်ကြားသူ၊ အလုပ်လုပ်ကိုင်သူများလည်း လာရောက်နေထိုင်ကြပြီး ယခုကဲ့သို့ အခြေခံကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ အခန်းငှားခမြင့်တက်ခြင်း၊ ဆီဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် မိမိရရှိသည့် လုပ်ခလစာနှင့် မလောက်ငှမှုများဖြစ်ကာ ရုန်းကန်ကြရကြောင်း ဖားကန့်မှစစ်ရှောင်လာသူ လူငယ်တစ်ဦးက ပြောပြသည်။


“ဒီမှာက အောက်ခြေအလုပ်တွေက မရှိတာတော့မဟုတ်ဘူး၊ ဒါပေမဲ့ အဲ့ဒါတွေက ၂ သိန်း ၃ သိန်းလောက်ပဲရတာ။ ရတဲ့လစာနဲ့ အခန်းငှားခ၊ စားသောက်စရိတ်၊ သွားလာစရိတ်တွေနဲ့က မကာမိဘူး။ ကျွန်တော်တို့က စစ်ရှောင်တွေဆိုတော့ အိမ်ကလူတွေလည်း အလုပ်မရသေးဘူးလားနဲ့ အိမ်ကလူတွေကိုလည်း အားနာတယ်။” ဟု သူကဆိုသည်။


မြစ်ကြီးနားမြို့တွင် သာမန်အခန်းတစ်ခန်းကို ၁သိန်းကနေ ၁သိန်းခွဲထိပေးနေရပြီး တစ်ခန်းကို နှစ်ယောက်မျှနေလျှင် တစ်ယောက်ကို ၇ သောင်း ၈သောင်း ရှိကာ၊ အခြေခံလုပ်ခလစာမှာ ၂သိန်းခွဲမှ ၂သိန်း၈သောင်းကြားသာ ရရှိသည်ဟု ဆိုသည်။


“ အလုပ်ကနေ နေစရာစားစရာ စီစဉ်ပေးရင်တော့ နဲနဲလေးတော့ အဆင်ပြေတာပေါ့နော်။ တခြားနေရာကနေ လာတဲ့ လူတွေအတွက်ကျတော့ နေစားစရိတ်ငြိမ်း မဟုတ်ဘဲနဲ့ဆိုရင်တော့ လုံးဝအဆင်မပြေဘူး။ နေစရိတ် စားစရိတ်၊ အလုပ်သွားမယ်ဆိုရင်လည်း ဆီဈေးကတက်နဲ့၊ အဆင်မပြေဘူး။”ဟု နောက်ထပ်လူငယ်အမျိုးသမီး တစ်ဦးလည်း ထပ်မံပြောပြသည်။


ထို့ကြောင့် နေ့စဉ်အမျှ မြင့်တက်နေသည့် ကုန်ဈေးနှုန်းနှင့် နေ့စဉ်အသုံးစရိတ်များအတွက် ဝင်ငွေနှင့်ထွက်ငွေ ကာနိုင်ရန်မှာ အခြေခံလုပ်ခလစာကို အနည်းဆုံး ၅သိန်းခန့်ရရှိမှသာလျှင် နေထိုင်ရေးစားရိတ် အဆင်ပြေနိုင်သည်ဟု အထက်ပါက ဆိုထားသည်။


မြစ်ကြီးနားမြို့တွင် ယခင်က ၈သောင်းမှ၉သောင်းဝန်းကျင်သာ ရှိသည့် ဆန်တစ်အိတ်ကို လက်ရှိလျှင် ၁သိန်းကျော်ထိ ရောက်ရှိနေပြီး၊ စက်သုံးဆီမှာလည်း ၇ထောင်ဝန်းကျင်မှ ၁သောင်း၃ထောင်ဝန်းကျင်ထိ မြှင့်တက်နေသည်။


ယခင်ကတည်းက ကုန်ဈေနှုန်းနှင့် စက်သုံးဆီဈေးများ မြင့်တက်နေသည့်အပြင် အရှေ့အလယ်ပိုင်း ပဠိပက္ခ၊ နိုင်ငံရေးများကြောင့် ကုန်ဈေးနှုန်းမှာ အကျအဆင်းမရှိဘဲ ဆက်လက်မြင့်တက်နေပြီး၊ အခြေခံလက်လုပ်လက်စား လုပ်ကိုင်ရှာဖွေကြသူများအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page