top of page

ကုန်ဈေးနှုန်းမြင့်တက်မှု၊အလုပ်အကိုင်ရှားပါးမှုနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ရှားပါလာမှုကြောင့် စစ်ရှောင်များအခက်တွေ့နေ

  • Writer: Pajau Media
    Pajau Media
  • Feb 21
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။




ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားစစ်ရှောင်စခန်းနှင့် နောင်းချိန်းစစ်ရှောင်စခန်းတို့တွင် လူမှုကူညီရေးအဖွဲ့အစည်းများ လျော့နည်းလာသောကြောင့် ဆေးဝါးနှင့် အစားသောက် ခက်ခဲလာပြီး ယခင်ထက် ပိုမိုခက်ခဲလာကြောင်း စစ်ရှောင်များက ပြောသည်။


“အစကတော့ အကူညီတွေ ပုံမှန်ရနေပေမဲ့ အခုနောက်ပိုင်းက လာကူညီတဲ့သူက လျော့လာတယ်။ နေ့တိုင်းက စားသောက်နေရတယ်ဆိုတော့ ရတဲ့အလုပ်တွေနဲ့ နေ့စားလိုက်ပြီး အလုပ်လုပ်စားရတယ်”ဟု စစ်ရှောင်တစ်ဦးက ပြောသည်။


စစ်ရှောင်များမှာ ရရာအလုပ်ဖြင့် နေ့စားလိုက်ကာ စားဝတ်နေရေးနှင့် လိုအပ်သည့် ငွေကြေးအတွက် လုပ်ကိုင်စားသောက်နေကြသော်လည်း ဝမ်းစာအတွက် မကာမိဘဲ ခက်ခဲသထက် ခက်ခဲလာသည်ဟု ဆိုသည်။


“နေ့စားအလုပ်ကလည်း ပုံမှန်မရှိဘူး။ ရှိတဲ့ရက်ကနည်းတယ်။ ပြီးတော့ ကုန်ဈေးကလည်း တက်နေတော့ ရလာတဲ့ နေ့စားခနဲ့က ဘယ်လိုမှ မလောက်ဘူး။ အဲ့တာကြောင့် နေ့စားမရှိတဲ့ ရက်မျိုးဆိုရင် ရတဲ့အလုပ်လုပ်ရတယ်” ဟု အထက်ပါစစ်ရှောင်က ပြောသည်။


စစ်ရှောင်များ ပြောဆိုချက်အရ နေ့စားအလုပ် လုပ်ကိုင်ရသော်လည်း တစ်နေ့လျှင် ၁၂၀၀၀ ကျပ်ဝန်းကျင်သာ ရရှိသည့်အပြင် ကုန်ဈေးနှုန်းကြီးမားခြင်းနှင့် နေ့စားအလုပ်လည်း ပုံမှန်မရရှိသောကြောင့် ပိုမိုခက်ခဲလာခြင်းဖြစ်သည်ဟု ဆိုသည်။


လက်ရှိမှာတော့ ဆေးဝါးပစ္စည်းများနှင့် အစားအသောက်များ ခက်ခဲနေသလို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါ ဖျားနာသူများနှင့် သက်ကြီးရွယ်အို ဘိုးဘွားများအတွက် အစာအာဟာရအပြင် ဆေးဝါးပစ္စည်းများ အရေးတကြီးလိုအပ်နေသည်။


သတင်း -ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page