top of page

ကုန်ပစ္စည်းအဝင်မရှိသောကြောင့် မြစ်ကြီးနားမြို့တွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး၊ အချို့ပစ္စည်းများ ပြတ်လတ်လာဟုဆို

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀၊ ၈၊၂၀၂၄။





မန္တလေး-မြစ်ကြီးနားကားလမ်းကို လေးရက်ကြာသည်အထိ ဆက်လက်ပိတ်ထားဆဲဖြစ်သည့်အပြင် မြစ်ကြီးနားမြို့တွင် ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး၊ ကုန်ပစ္စည်းများ စတင်ပြတ်လတ်လာသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။


“ဈေးသွားတာကို ရေခဲရိုက်ငါးတောင် ကြိုက်သလောက် ဝယ်မရတော့ဘူး။ ကုန်သွားပြီပြောလို့ မဝယ်လိုက်ရဘူး။ တစ်ခြားကုန်ပစ္စည်းတွေလည်း အဲလိုပဲ။ coolgate သွားတိုက်ဆေးက ကိုးထောင်၊ signal သွားတိုက်ဆေးက ခုနှစ်ထောင်နီးပါးဖြစ်သွားပြီ။ အခုက ဈေးဆိုင်တွေမှာလည်း ဘာမှမရှိတော့ဘူး။ အသစ်ဝင်တာမရှိသလောက်ပဲ။ ရှိတဲ့ဟာကိုပဲ ရောင်းစားနေကြတာ။ ဈေးကကြီး၊ ကုန်ပစ္စည်းလည်း ပြတ်လာသလိုပဲ။” ဟု မြစ်ကြီးနားမြို့အိမ်ရှင်တစ်ဦးက ပြောသည်။


မန္တလေး-မြစ်ကြီးနားသွား ပြည်ထောင်စုကားလမ်းမကြီးကို ပြီးခဲ့သည့် ဩဂုတ်လ ၁၇ရက်နေ့ကတည်းက ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့ပြီး၊ ကုန်ကားအကြီး၊ အသေးအပြင် မည်သည့်ကုန်ပစ္စည်းတင်ကားမှ ဖြတ်သန်းခွင့် မပေးတော့ကြောင်းနှင့် အင်းတော်ဂိတ်တွင် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း မိုးကောင်းကင်ကားဂိတ်မှ သိရသည်။


ယခင်အပတ်များတွင် ဖြတ်သန်းခွင့်ပေးထားပေမယ့် မြစ်ကြီးနားမှ အဆင်းကားများကိုသာ ဖြတ်သန်းခွင့်ပေးထားပြီး အပြန်အတွက် လေကြောင်းဖြင့် ပြန်ကြရသည်။ ယင်းအချိန်မှစပြီး မြစ်ကြီးနားမြို့တွင် ကုန်စည်ဈေးနှုန်းများ စတင်မြင့်တက်လာပြီး၊ အချို့ကုန်ပစ္စည်းများလည်း စတင်ပြတ်လတ်လာနေပြီဖြစ်သည်ဟု ပြောသည်။


မြစ်ကြီးနားမြို့တွင် ဇူလှိုင်လ၂၁ရက်နေ့မှစ၍ ဖုန်းအဆက်အသွယ်များအားလုံး ပြတ်တောက်သွားခဲ့ပြီးနောက် ပြည်သူများ ခက်ခက်ခဲခဲ သွားလာလှုပ်ရှားရခြင်း၊ ကားလမ်းပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်ကာ ရှားပါးလာခြင်း၊ အဆိုးဆုံးမှာ စက်သုံးဆီရှားပါးလာခြင်း စသည့် အဘက်ဘက်မှ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page