top of page

ကံပိုင်တည်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ပေမယ့် တရုတ်ဘက်မှ ကုန်တင်ကားများ မဝင်သေး

  • Writer: Pajau Media
    Pajau Media
  • Nov 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊နိုဝင်ဘာ၊၂၀၂၄။





နောက်ဆုံးကျန်ရှိနေသည့် တရုတ်နယ်စပ် ကံပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နိုဝင်ဘာ၂၄ရက်နေ့မှစပြီး တရုတ်ဘက်မှ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ပေမယ့် တရုတ်ဘက်မှ တင်သွင်းသည့် ကုန်တင်ကားများ ဝင်ရောက်ခြင်းမရှိသေးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


မြန်မာဘက်ခြမ်းမှ တရုတ်ငှက်ပျောတင်ကားများ တရုတ်သို့ စတင်တင်ပို့နေပြီဖြစ်ပေမယ့် တရုတ်ဘက်မှ ကုန်တင်ကားများမှာ မြန်မာသို့ မဝင်ရောက်သေးကြောင်း သိရသည်။


တရုတ်နယ်စပ်ဒေသကို KIA ပူးပေါင်းတပ်ဖွဲ့များ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာချိန်ကတည်းက နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တရုတ်ဘက်မှ ပိတ်ချလိုက်သောကြောင့် ကချင်ပြည်နယ်အတွင်း ကုန်ပစ္စည်း အဝင်အထွက်ပိတ်သွားခဲ့ပြီး လက်ရှိ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များတွင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းမှာ အဆမတန် မြင့်တက်လာခဲ့သည်။


လက်ရှိမှာတော့ မြစ်ကြီးနားမြို့တွင် စက်သုံးဆီဆိုင် အများအပြား ချိတ်ပိတ်ထားခဲ့ပြီး အချိန်အကန့်အသတ်ဖြင့် တန်းစီဝယ်ယူသုံးစွဲကြရကာ တစ်လီတာကို တစ်သောင်းခွဲကျပ်မှ လမ်းဘေးဆိုင်များတွင် နှစ်သောင်းကျပ်အထိ မြင့်တက်နေခဲ့သည့်အပြင် ဆီပြတ်လတ်ကာ ရှားပါးနေသည်ဟု ဆိုသည်။


ကံပိုင်တည်မြို့ကို KIAပူးပေါင်းတပ်ဖွဲ့များ မသိမ်းပိုက်မီ နိုဝင်ဘာ၁၈ရက်နေ့ကစပြီး တရုတ်က နယ်စပ်ကုန်သွယ်ရေး ကံပိုင်တည်ဂိတ်ကို ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့တွင် တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်လာခြင်း ဖြစ်သည်။


လက်ရှိမှာတော့ ကံပိုင်တည်ကုန်သွယ်ရေးဂိတ်မှလွှဲပြီး ကချင်ပြည်နယ်အတွင်းရှိ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များအားလုံး ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page