top of page

ကံပိုင်တည်မှ စစ်ရှောင်တစ်ထောင်ကျော်အား စစ်ကောင်စီမှ နေရပ်ပြန်လာရန် ဖိအားပေး လျှက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Oct 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်အထူးဒေသ(၁)၊ ပန်ဝါတွင် တိုက်ပွဲပြင်းထန်လာသည့် အောက်တိုဘာလ ၁၈ရက်နေ့မှစပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကံပိုင်တည်ဒေသခံ တစ်ထောင်ကျော်ကို စစ်ကောင်စီက နေရပ်ပြန်လာရန် ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်ဟု ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


ကံပိုင်တည်ဒေသခံတစ်ထောင်ကျော်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ဆယ်ရက်ကျော်ကြာလာခဲ့ပေမယ့် မြို့လယ်ခေါင်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားဆဲ ဖြစ်သောကြောင့် လုံခြုံမှုမရှိပဲ မပြန်ရဲသေးကြောင်းနှင့် စစ်ကောင်စီက ဒေသခံများကို နေရပ်ပြန်လာရန် ပြောဆိုနေသည်ဟု ပြောသည်။


ပန်ဝါဒေသကို KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများမှာ ကံပိုင်တည်ဒေသဘက်သို့ ဦးတည်လာသောကြောင့် မိမိနေအိမ်အတွင်း အဘိုးအဘွားများ၊ နာတာရှည်ဖျားနာသူများနှင့် အိမ်စောင့်သူမှလွှဲ၍ အားလုံးနီးပါးမှာ မိမိဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။


ကချင်အထူးဒေသ(၁)တွင် ပြီးခဲ့သည့် စက်တင်ဘာလမှစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ စတင်လာခဲ့ရာ KIAပူးပေါင်းတပ်ဖွဲ့က ချီဖွေမြို့ကို အောက်တိုဘာ ၁ရက်နေ့၊ ဆော့လော်မြို့ကို ၂ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ထားပြီး၊ ပန်ဝါမြို့ကိုတော့ အောက်တိုဘာ၁၈ရက်နေ့တွင် သိမ်းပိုက်ထားခြင်းဖြစ်သည်။


လက်ရှိတွင် ကုန်သွယ်ရေးမြို့တော်ဖြစ်သည့် ကံပိုင်တည်မြို့စောင့်တပ် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃တပ်ရင်းကို အောက်တိုဘာ၂၁ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး၊ ကံပိုင်တည်မြို့အနီးအနားတွင်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page