top of page

ကြာရာပါတီး(အေ)နှင့် နန်ကျင်သွား လမ်းဆုံနေရာတွင် စစ်တပ်မှ စခန်းချနေထိုင်ရန် ဒေသခံပြည်သူများကို ပြောင်းရွှေ့ခိုင်း

  • Writer: Pajau Media
    Pajau Media
  • Aug 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြာရာပါတီး(အေ)နှင့် နန်ကျင်သွား လမ်းဆုံနေရာတွင် စစ်တပ်မှ နေရာယူတပ်စခန်းချ နေထိုင်ရန်ဟုဆိုကာ ယင်းနေရာ အနီးဝန်းကျင်အတွင်း နေထိုင်သည့် ဒေသခံများကို ဩဂုတ် ၁၀ရက် နောက်ပိုင်းအချိန်မှစပြီး ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


“ဒီလမ်းကြောက ဒေသခံတွေအတွက် အဓိကမိန်းလမ်းမကြီးဟုတ်တယ်။ နန်ကျင်ဘက်ကို လယ်ယာတွေ၊ စိုက်ခင်းတွေ သွားလုပ်တဲ့သူတွေက ဒီလမ်းနဲ့ပဲ သွားကြတယ်။ ဒီလမ်းဆုံမှာ စစ်တပ်က နေရာယူ တပ်စခန်းချလာရင် ပြည်သူတွေအတွက် သွားလာရေးက အရမ်းကျဉ်းကြပ်သွားပြီ။ ဒီလမ်းဆုံမှာ တပ်စခန်းမချတဲ့ အရင်ချိန်‌တွေမှာလည်း တစ်ခါတစ်လေ စစ်ဆေးမေးမြန်းတာတွေ လုပ်နေရင်တောင် မလုံခြုံသလို ခံစားနေရတာ။” ဟု ဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။


ဒေသခံများ ပြောဆိုချက်အရ ယင်းလမ်းဆုံနေရာတွင် စစ်တပ်မှ နေရာယူကာ တပ်စခန်းချနေထိုင်ရန် ပြင်ဆင်လာသောကြောင့် ဒေသခံများကို ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသော်လည်း၊ ယခုအချိန်ထိ တပ်စခန်းချ နေရာယူပြင်ဆင်နေခြင်းတော့ မရှိသေးဘူးဟု ဆိုသည်။


ထိုနေရာတွင် ယခင်နှစ်များကလည်း တပ်စခန်းချခြင်းမရှိပေမယ့် ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ဆေးမေးမြန်းမှုများ မကြာခဏ လုပ်ဆောင်တတ်သည်ဟု ဆိုသည်။


ယင်းလမ်းဆုံနေရာတွင် နေထိုင်သည့်ဒေသခံများမှာ လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင်၊ ကွမ်းယာဆိုင်၊ အဝတ်အထည်ဆိုင် စသည့် ကုန်မျိုးစုံ တည်ခင်းရောင်းချပြီး နေထိုင်ကြသလို ဩဂုတ်၁၀ရက်ပိုင်းတွင် ပြောင်းရွှေ့ရမည်ဆိုသော အမိန့်ကြောင့် အားလုံးနီးပါး ပြောင်းရွှေ့သွားကြကြောင်း ထပ်မံသိရသည်။


လက်ရှိ ကချင်ပြည်နယ် မြို့နယ်အချို့တွင် ကချင်လွှတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသကဲ့သို့ မြစ်ကြီးနားမြို့တွင်း တိုက်ပွဲဖြစ်ပွားလာမည့် သတင်းများထွက်ပေါ်နေချိန် ယခုကဲ့သို့ ပြည်သူများနေထိုင်သည့် အနီးဝန်းကျင်အတွင်း စစ်တပ်စခန်းချရန် ပြင်ဆင်လာသောကြောင့် ပြည်သူများ စိုးရိမ်နေကြရကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page