ကားလမ်းပွင့်ပြီး ကုန်ကားများ ရောက်ရှိလာသော်လည်း အပျက်အစီးနှင့်အပုပ်အသိုးများကြောင့် ကုန်သည်များနစ်နာ
- Pajau Media

- Jul 23, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၃ရက်၊ဇူလိုင်၊၂၀၂၅။
မန္တလေး-မြစ်ကြီးနားသွားလမ်းခရီးကြန့်ကြာမှုကြောင့် များစွာသော ကုန်စိမ်းသည်များ ဆုံးရှုံးမှုရှိနေသည်ဟု မြစ်ကြီးနားရှိ ကုန်သည်များ ပြောပြချက်အရ သိရသည်။
"ခုတလော လမ်းခရီးကကြာနေတော့ အောက်ပိုင်းကမှာလိုက်တဲ့ ကုန်စိမ်းတွေက အကုန်ပုပ်ပြီးပါလာတော့ ကျွန်မတို့အတွက် ငွေကြေးလည်းဆုံးရှုံးသလို ပစ္စည်းလည်းဆုံးရှုံးရတယ်"ဟု မြစ်ကြီးမြို့ရှိ ကုန်စိမ်းသည် အမျိုးသမီးတစ်ဦးက ပြောသည်။
မန္တလေး - မြစ်ကြီးနားသွားလမ်းရှိ ကွင်းလမ်းများကိုအသုံးပြုသွားလာနေကြသည့် လမ်းပိုင်းများတွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းပျက်စီးပြီး ကားရာချီပိတ်မိကာ ဇူလိုင်၂၂ရက်နေ့မှသာ ကုန်ကားများ မြစ်ကြီးနားသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့ကြောင့် ကုန်ကားများ ရောက်ရှိလာသော်လည်းအပျက်အစီးနှင့် အပုပ်အသိုးများ ရောက်ရှိလာသောကြောင့် ကုန်စိမ်းသည်များမှာ ငွေကြေးနှင့် ကုန်စိမ်းပစ္စည်းများ များစွာဆုံးရှုံးသွားသည်ဟု ဆိုသည်။
ကွင်းလမ်းဖြစ်သည့် စပယ်နံ့သာ-ပေကြီးကွင်းလမ်းမှာ မိုးမရွာတော့ဘဲ နေသာနေသောကြောင့် ယမန်နေ့ မနက်၉နာရီခွဲအချိန်မှ စတင်၍ ကားလမ်းများ ပြန်ပွင့်လာကာ၊ကုန်ကားအပါအဝင် ခရီးသွားကားများနှင့် ခြောက်ဘီးကားများရာချီ ရောက်ရှိလာကြောင်း သိရသည်။
သတင်း - ဖရိန်း










Comments