ကားလမ်းများပိတ်မိနေသောကြောင့် ဖားကန့်တွင် ကြက်သားဈေး၁ပိဿာ တစ်သိန်းနီးပါးထိ မြှင့်တက်နေ

ပါဂျောင်မီဒီယာ။
၂၁ရက်၊ဇူလိုင်လ၊၂၀၂၅။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစားအသောက်နှင့် အသား၊ငါး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
“ကုန်ခြောက်တွေတော့ ဈေးအရမ်းမတက်သေးဘူး။ အသားငါးတွေပဲ တက်နေတာ။ ကြက်သားဆို တစ်သိန်းကျော်နေပြီ။ ဝယ်ချင်တောင်မရဘူး။ ကြက်ဉဆိုဝယ်မရဘူး။ ပစ္စည်းပြတ်နေတယ်။ ဆန်ဈေးဆို တစ်အိတ်နှစ်သိန်းခွဲ။ ဆန်ဈေးတက်တာတော့ ကြာပြီ။ ၇လပိုင််းအစလောက်မှာ စတက်တာ။ ကြက်သားဈေးတက်တာက ပြီးခဲ့တဲ့ ၃ရက်လောက်ကတက်တာ။” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ဖားကန့်မြို့တွင် ဆန်တစ်အိတ်လျှင်နှစ်သိန်းခွဲ၊ ကြက်ဉတစ်လုံး ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အကြားရှိနေပြီး၊ ကြက်သားတစ်ပိသာမှာ တစ်သိန်းနီးပါး ဈေးမြင့်တက်နေကြောင်း သိရသည်။
ထို့အပြင် ဓါတ်ဆီ(၉၂)တစ်လီတာလျှင် (၈၈၀၀)ကျပ်၊ (၉၅)မှာ (၉၀၀၀)နီးပါးနှင့် ဒီဇယ်မှာ (၈၀၀၀)ကျော်ရှိနေကာ၊ အခေါက်ရွှေဈေးနှုန်းမှာလည်း (၇၉)သိန်းအထိ ရှိနေကြောင်း သိရသည်။
ဒေသခံတစ်ဦးမှာ ဖားကန့်အတက်အဆင်းလမ်းများ ပိတ်ထားသောကြောင့် ကုန်ဈေးနှုန်းများ တက်လာခြင်းဖြစ်နိုင်သည်ဟု ပြောသည်။ လက်ရှိမှာ နန့်ယားလမ်းအား ဖွင့်ပေးခဲ့ပြီးဖြစ်ပေမယ့် ဝှေခါလမ်းကိုဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖားကန့်မြို့နယ်တွင် စစ်တပ်နှင့် KIA အကြားစစ်ရေးအပြန်အလှန်ပြင်းထန်နေကြဆဲဖြစ်ကာ၊ တစ်ဖက်မှာလည်း လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများထိခိုက်နစ်နာဆဲဖြစ်သည်။
သတင်း - ထုဆိုင်း




Comments