top of page

ကချင်-စစ်ကိုင်းအစပ် ကသာမြို့နယ်တွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်လာ

  • Writer: Pajau Media
    Pajau Media
  • Apr 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဧပြီလ၊၂၀၂၅။



ကချင်-စစ်ကိုင်းအစပ် ကသာဒေသတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ အင်အားတိုးမြှင့်ကာ စစ်ရေးလှုပ်ရှားမှုများ ယခင်ကထက်သိသိသာသာပိုမိုလုပ်ဆောင်လာသည်ဟု ကသာဒေသခံများက ပြောသည်။


စစ်ကိုင်းအစပ် ကသာဒေသဝန်းကျင်တွင် ဧပြီလဆန်းမှစ၍ ခမရ (၃၀၉)တပ်စခန်းသို့ လေကြောင်းဖြင့် စစ်အင်အား လာရောက်တိုးမြှင့် ချထားခြင်းများ လုပ်ဆောင်နေသည့်အပြင် စစ်တပ်ကုန်းမှလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိုသည်။


အဆိုပါဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ကသာဒေသတွင် စစ်ရေးပြင်းထန်လာနိုင်သည်ဟု ဒေသခံတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုလို ပြောသည်။


“ဧပြီလဆန်းကတည်းကနေ ရဟတ်ယာဉ်နဲ့ ၅ခါ၆ခါလောက်ကို စစ်အင်အား၊လက်နက်ရိက္ခာလာချတာတွေ လုပ်နေတယ်။ လက်နက်ကြီးတွေလဲ ဒီတိုင်းရမ်းသမ်းပစ်ခတ်နေတယ်။ အခုက အင်းတော်လည်း ပြီးပြီဆိုတော့ ကသာဒေသလည်း သတိထားစောင့်ကြည့်ရမလို ဖြစ်နေတယ်။ ဘယ်မှလည်း မသွားရဲဘူး ဘယ်ချိန်တိုက်ပွဲဖြစ်လာမလဲပဲ စိုးရိမ်နေတာ” ဟု ပြောသည်။


ကသာမြို့နှင့် ၁၈မိုင်နီးပါး ကွာဝေးသည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA, KPDF,ABSDF ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၈ လအကြာ ယခုနှစ်ဧပြီ၇ရက်နေ့တွင်အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။






အင်းတော်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ပစ္စည်းမျိုးစုံနှင့် အင်းတော်တိုက်ပွဲမှ ထွက်ပြေးလွှတ်မြောက်သွားသည့် စစ်သုံ့ပန်း အယောက်(၁၀၀)ကျော်ကိုလည်း ကသာဒေသတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသသတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။


ထို့အပြင် ယနေ့ ဧပြီ၁၀ရက် နံနက်ပိုင်းတွင်လည်း ကချင်ပြည်နယ် ဝိုင်းမော်ဒေသသို့ စစ်ကောင်စီပိုင် စစ်ကားနှစ်စီးဖြင့် စစ်အင်အားတိုးမြင့်နေခဲ့ပြီး၊ ဝိုင်းမော်လမ်းမကြီး နေရာအနှံတွင် စစ်သားများ လှုပ်ရှားသွားလာနေကြောင်း သိရသည်။


စစ်ကောင်စီတပ်ဖွဲ့မှာ ယာယီအပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန်ထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ်တွင် စစ်အင်အားတိုးမြင့် လှုပ်ရှားမှုများကို ယခုရက်ပိုင်းတွင် ပိုမိုလုပ်ဆောင်လာသည်ဟု ဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page