ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွား
- Pajau Media

- Apr 20
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ဧပြီ၊၂၀၂၆။

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် KIA အမှတ်(၁၁)၊ အမှတ်(၈)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း လေယာဉ်ဗုံး အကြိမ် ၂၀၊ ဒရုန်းဗုံး ၄၉ ကြိမ်နှင့် လက်နက်ကြီး ပစ်ခတ်မှု ၁၆၃ ကြိမ် ရှိသည်ဟု ဆိုသည်။
လေယာဉ် ဗုံးကြဲတိုက်ခိုက်သည့် နေရာနှင့် လက်နက်ကြီးတိုက်ခိုက်ခံခြင်းမှာ ဗန်းမော် စစ်မျက်နှာပြင်တွင် အများဆုံးဖြစ်သည်ဟု ဖော်ပြထားပြီး၊ စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာသည့်အတွက် ဗန်းမော် ၃ မိုင်တွင် ခုခံတိုက်ပွဲ ၁ကြိမ်၊ ဝိုင်းမော်စစ်မျက်နှာပြင် မှန်ပြတောင်အနီး တိုက်ပွဲ ၃ကြိမ်နှင့် တပ်မဟာ ၉ ဖားကန့်၊ မှော်ဝမ်းဒေသဘက် စစ်ကော်မရှင်ဘက်က ခြေလျင်စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး မော်ဝမ်းကြီး၊ မရှီကထောင်နှင့် ဆိုင်းကြိုင်ကျေးရွာတွင် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထပ်မံ ဖော်ပြထားသည်။
ဟူးကောင်းဒေသ ဖုန်အင်ဘက်တွင်လည်း ဧပြီလ ၁၈ ရက်နေ့နံနက်က KIAနှင့် စစ်ကော်မရှင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments