ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ဖြစ်ပွား
- Pajau Media

- Apr 29
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ဧပြီ၊၂၀၂၆။

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် KIA အမှတ်(၁၁)၊ အမှတ်(၈)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း လေယာဉ်ဗုံး ၆ ကြိမ်၊ ဒရုန်းဗုံး ၅၅ ကြိမ်နှင့် လက်နက်ကြီး ပစ်ခတ်မှု ၁၆၅ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။
လေယာဉ် ဗုံးကြဲတိုက်ခိုက်သည့် နေရာနှင့် လက်နက်ကြီးတိုက်ခိုက်ခံရခြင်းမှာ ဗန်းမော် စစ်မျက်နှာပြင်တွင် အများဆုံးဖြစ်သည်ဟု ဖော်ပြထားပြီး၊ စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာသည့်အတွက် ဗန်းမော်နှင့်ဝိုင်းမော်စစ်မျက်နှာဘက် တစ်ပတ်အတွင်း ခုခံတိုက်ပွဲ ၇ ကြိမ်၊ တပ်မဟာ ၈ စစ်မျက်နှာဘက် တိုက်ပွဲ ၂ ကြိမ်နှင့် တပ်မဟာ ၉ စစ်မျက်နှာဘက် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ တပ်မဟာ(၂)၊ (၇)နှင့် တပ်မဟာ(၁၁) နယ်မြေသို့လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားခြင်းအပြင် ဝေဟင်မှ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေသောကြောင့် စစ်ရေးတင်းမာနေကြဆဲ ဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments