top of page

ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • May 18
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊မေ၊၂၀၂၆။


ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် KIA အမှတ်(၉)၊ အမှတ်(၂)၊ တပ်မဟာ(၈)နှင့် အမှတ်(၁၁)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


ပြီးခဲ့သည့် မေ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဒရုန်းဗုံး ၂၇ ကြိမ်၊ လေယာဉ်ဗုံး ၅ ကြိမ်အထက်နှင့် လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၁၂၁ ကြိမ်အထက် ရှိခဲ့သည်ဟု ဆိုသည်။


လေယာဉ် ဗုံးကြဲတိုက်ခိုက်သည့် နေရာနှင့် လက်နက်ကြီးတိုက်ခိုက်ခံရခြင်းမှာ ဗန်းမော် စစ်မျက်နှာပြင်တွင် အများဆုံးဖြစ်သည်။


စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာသည့်အတွက် ဗန်းမော်စစ်မျက်နှာဘက်တွင် ခုခံတိုက်ပွဲ ၃ ကြိမ်၊ တပ်မဟာ ၉ နယ်မြေ ဖားကန့်ဒေသဘက် တိုက်ပွဲ ၂ ကြိမ်၊ တပ်မဟာ ၈ ဒေသဘက် တိုက်ပွဲ ၁ ကြိမ်နှင့် အမှတ်၁၁ တပ်မဟာဒေသဘက် တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့သည်။


ထို့အပြင် စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားခြင်းအပြင် ဝေဟင်မှ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေသောကြောင့် စစ်ရေးတင်းမာနေကြဆဲ ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့်အပတ်တွင် ကချင်ဒေသ စစ်ကော်မရှင်နှင့် KIA ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ၊ ခုခံတိုက်ပွဲပေါင်း အကြိမ် ၂၀ နီးပါး ဖြစ်ပွားခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page