top of page

ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၂၅ ကြိမ်ဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • May 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊မေ၊၂၀၂၆။


ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် KIA အမှတ်(၇)၊ အမှတ်(၈)နှင့် အမှတ်(၁)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၂၅ ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့မှ မေ၂ ရက်နေ့အထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဒရုန်းဗုံး ၃၇ ကြိမ်နှင့် လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၁၅၀ ကြိမ်အထက် ရှိခဲ့သည်ဟု ဆိုသည်။


လေယာဉ် ဗုံးကြဲတိုက်ခိုက်သည့် နေရာနှင့် လက်နက်ကြီးတိုက်ခိုက်ခံရခြင်းမှာ ဗန်းမော် စစ်မျက်နှာပြင်တွင် အများဆုံးဖြစ်သည်။


စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာသည့်အတွက် ဗန်းမော်စစ်မျက်နှာဘက်တွင် ခုခံတိုက်ပွဲ ၂ ကြိမ်၊ အမှတ်(၈)တပ်မဟာစစ်မျက်နှာဘက် တိုက်ပွဲ ၁ ကြိမ်၊ ဖားကန့်ဒေသ နန့်ယား၊ နမ္မဖစ်အနီး တိုက်ပွဲ ၃ ကြိမ်၊ အမှတ်(၇)တပ်မဟာဒေသ တိုက်ပွဲ(၁၅)ကြိမ်နှင့် အမှတ်(၁)တပ်မဟာ ဝဒတ်ကျေးရွာတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။


ထို့အပြင် စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားခြင်းအပြင် ဝေဟင်မှ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေသောကြောင့် စစ်ရေးတင်းမာနေကြဆဲ ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့်အပတ်တွင် ကချင်ဒေသ စစ်ကော်မရှင်နှင့် KIAပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ၊ ခုခံတိုက်ပွဲပေါင်း အကြိမ် ၃၀ နီးပါး ဖြစ်ပွားခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page