top of page

ကချင်-တရုတ်ကုန်သွယ်ရေး နယ်စပ်ဂိတ်များတွင် တရုတ်ရဲနှင့်စစ်သားများအင်အားတိုးကာ စောင့်ကြပ်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Mar 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၉ရက်၊မတ်လ၊၂၀၂၅။




ကချင်-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များတွင် တရုတ်ဘက်ခြမ်းမှ တရုတ်ရဲနှင့် စစ်အင်အားအလုံးအရင်းက လာရောက်ကင်းလှည့် သွားလာလှုပ်ရှားမှုများရှိနေကြောင်း နယ်စပ်ဒေသခံများပြောပြချက်အရသိရသည်။


“အဲ့ဒီ စစ်အင်အားတွေက ၁၆ရက်နေ့ကတည်းက လာ‌ရောက်နေထိုင်ကြတာ ဟုတ်တယ်။ သူတို့တရုတ်ပြည်တွင်း နယ်စပ်ဂိတ်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေပြောင်းလဲဖို့ရှိလို့ လာရောက်ကင်းစောင့် နေထိုင်တာဖြစ်တာတဲ့“ ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။


နယ်စပ်ဒေသခံအချို့က တရုတ်ဘက်ခြမ်းမှ ကုန်သွယ်ရေးဂိတ်များတွင် တရုတ်ရဲနှင့် စစ်သားများ အများအပြား လှုပ်ရှားနေသည်မှာ မြန်မာနယ်စပ်အတွင်း မှောင်ခိုကုန်သွယ်မှု များလာခြင်းကြောင့်နှင့် တရုတ်ပြည်တွင်း နယ်စပ်နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း ဥပဒေ အပြောင်းအလဲရှိလာသောကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။


အဆိုပါ တရုတ်ရဲနှင့် စစ်သားများမှာ ပြီးခဲ့သည့် မတ်လ ၁၆ရက်နေ့ကတည်းက တရုတ်ဂိတ်တစ်ကြောတွင် နေရာယူကာ လာရောက်နေထိုင် လှုပ်ရှားသွားလာနေခြင်းဖြစ်ပြီး မိုင်ဂျာယာန်ဂိတ်အပါအဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ပင်ထားသဖြင့် တရားဝင်ကုန်သွယ်မရဘဲ မှောင်ခိုကုန်သွယ်မှု ပိုမိုလုပ်ဆောင်လာသောကြောင့် တရုတ်ဘက်မှ ရဲများလာ‌ရောက်ကင်းစောင့်နေကြောင်း သိရသည်။


အထက်ပါဒေသခံက “ခုဒီမိုင်ဂျာယာန်မှာက ကုန်ပစ္စည်းတွေကို မှောင်ခိုသယ်ရင်သယ် မဟုတ်ရင် မူဆယ်ဘက်က သယ်နေကြတာ။ ဒါပေမဲ့ ခုတလော မှောင်ခိုသယ်ယူနေတာ ပိုများလာနေတယ်”ဟုလည်း ဆက်ပြောသည်။


လက်ရှိမိုင်ဂျာယာန် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ကုန်ပစ္စည်းအဝင်မရှိဘဲ မူဆယ်ဘက်မှ ဝင်သည့် ကုန်ပစ္စည်းများသာ ဈေးကြီးပေးကာ ရောင်းဝယ်ကြသလို အချို့ကုန်စည်များမှာ မှောင်ခိုလမ်းမှ ဝင်နေသည်ဟု ဆိုသည်။


တရုတ်ပြည်တွင်း နယ်စပ်ဂိတ်နှင့်ပတ်သက်၍ မည်သည့်စည်းကမ်း ဥပဒေအပြောင်းအလဲမျိုး ဖြစ်လာမည်ကိုတော့ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


 သတင်း- ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page