top of page

ကချင်-တရုတ်နယ်စပ်ဒေသများတွင်တရုတ်ဘက်မှ Wi-Fiလိုင်းများ ဖြတ်တောက်ထား

  • Writer: Pajau Media
    Pajau Media
  • Mar 17, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊မတ်လ၊၂၀၂၅။





ကချင်ပြည်နယ်ရှိ နယ်စပ်ဒေသများဖြစ်သည့် မိုင်ဂျာယန်၊လိုင်ဇာ၊လွယ်ဂျယ်နှင့် အခြားမန်ဝိန်းကြီး စသည့်ဒေသများတွင် တရုတ်ဘက်မှ Wi-Fiလိုင်းများ ဖြတ်တောက်ထားသောကြောင့် ကျောင်းသား/သူများ၊ ရုံးလုပ်ငန်းများနှင့် ဒေသခံပြည်သူများအတွက် ခက်ခဲမှုများ ရှိလာသည်ဟု ဒေသခံတစ်ဦးမှ ပြောကြားလာသည်။


“ဒီဘက်က ဝိုင်ဖိုင်လိုင်းမရတော့တာ ကြာပြီ။ VPNလည်း သုံးလို့မရတော့ဘူး။ တရုတ်ကဒ်နဲ့ လိုင်းသုံးလို့တော့ရတယ်။ ဒါပေမယ့် VPNသုံးမရတော့ ဖေ့စ်ဘုတ်တွေ၊ မက်ဆင်ဂျာတွေ ဘာမှသုံးလို့မရတော့ဘူး။ တရုတ်ဆော့ဝဲက ဝီချက်ပဲ သုံးလို့ရတော့တယ်။” ဟု ဒေသခံတစ်ဦးက ပြောပြသည်။


ဝိုင်ဖိုင်လိုင်းများကို တရုတ်ဘက်မှ ဖြတ်တောက်ထားသည်မှာ မတ်လဆန်းကတည်းကဖြစ်ပြီး၊ ဖုန်းလိုင်းများကိုတော့ ဖြတ်တောက်ထားခြင်းမရှိသေးဘဲ တရုတ်ဖုန်းကဒ်ရှိသူများသာ Wechatဆော့ဝဲ အသုံးပြုနိုင်နေကြောင်း သိရသည်။


နယ်စပ်ဒေသရှိ ပြည်သူများမှာ ဆက်သွယ်ရေးအတွက် တရုတ်ကဒ်ကိုသာ အဓိကအသုံးပြုဆက်သွယ်ကြသလို တရုတ်မှ ထုတ်လွှတ်ပေးသည့် တရုတ်ဝိုင်ဖိုင်သာ အသုံးပြုကြရသည်။ လက်ရှိနယ်စပ်တွင် တရုတ်ဆင်းကဒ်တစ်ခုမှာ တရုတ်ငွေယွမ် (၁၀၀)၊ မြန်မာကျပ်ငွေဖြင့် (၆၀၀၀၀) နီးပါးအထိ ရှိနေသည်။


ထို့ကြောင့် ကျောင်းသားများ၊ ရုံးလုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံများမှာ ဝိုင်ဖိုင်ကိုသာ အများဆုံးအသုံးပြုနေကြသလို အွန်လိုင်းမှ သင်ကြားရေးပိုင်းဆိုင်ရာနှင့် လုပ်ငန်းပိုင်းဆက်သွယ်ရေးဆိုင်ရာများတွင် ဝိုင်ဖိုင်ဖြတ်တောက်ထားသောကြောင့် အခက်အခဲ များစွာကြုံတွေ့နေရပြီး အချို့ဒေသခံများမှာ ဖုန်းလိုင်းများအထိ ဖြတ်တောက်လာမည်ကို စိုးရိမ်နေကြသည်ဟု ပြောဆိုနေကြသည်။


သတင်း - ရောင်နီ


Comments


Pajau Media

Thanks for subscribing!

bottom of page