ကချင်-တရုတ်နယ်စပ်ဒေသရှိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးဝါးပစ္စည်းများလိုအပ်နေ
- Pajau Media
- Apr 23
- 1 min read
ပါဂျောင်မီဒီယာ။
၂၃ရက်၊ဧပြီလ၊၂၀၂၅။

ကချင်-တရုတ်နယ်စပ် မိုင်ဂျာယာန်၊အင်ဘာပါ၊မိုင်ဘတ် စသည့်ဒေသများတွင် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရအားတိုးဆေးနှင့် ကာကွယ်ရေးဆေးဝါးများ လိုအပ်နေကြောင်း မိုင်ဂျာယာန်ဒေသခံများကပြောသည်။
“မွေးကင်းစကလေးတွေနဲ့ ကလေးငယ်တွေက ကာကွယ်ဆေးထိုးကိုထိုးပေးသင့်တာ၊ ဒါပေမယ့် ကျမတို့ ဒီဘက်နယ်စပ်မှာက ဆေးဝါးမရောက်တော့ မိုင်းဂျာယန်ကနေ မူဆယ်ကို သွားထိုးရတယ်။ အဲ့ဒီကာကွယ်ဆေးထိုးဖို့ကို တစ်လကြိုတင်ပြီး နာမည်စာရင်း ထည့်ပေးရတယ်။” ဟု မူဆယ်ထိ သွားရောက်ကာကွယ်ဆေးထိုးသည့် မိခင်တစ်ဦးက ပြောသည်။
နယ်စပ်ဒေသများတွင် ကလေးငယ်များနှင့်ဆိုင်သည့် ဆေးဝါးပစ္စည်းများမရောက်တော့သည်မှာ ၁၀၂၇ စစ်ဆင်ရေးပြီးကတည်းကဖြစ်ပြီး၊ ကာကွယ်ဆေးများ မရောက်ရှိသောကြောင့် ကာကွယ်ဆေးမထိုးပေးနိုင်သည့် ကလေးငယ်များ များပြားလာကြောင်း သိရသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များလည်း ဆေးဝါးခက်ခဲသောကြောင့် ကိုယ်ဝန်အားတိုးဆေးအပြင် အခြားအာဟာရဖြစ်စေသည့် ဆေးဝါးများ မသောက်သုံးနိုင်ပဲရှိနေကြောင်းသိရသည်။
“ဆေးဝါးတွေ သယ်ယူဖို့ အရမ်းခက်ခဲတယ်လို့ ကျန်းမာရေးဆရာမတွေက ပြောတယ်။ ရှိတဲ့နေရာတွေကလည်း လုံလောက်မှုမရှိဘူးဆိုတော့ တန်းစီယူရတယ်။ ရတဲ့သူကရ မရတဲ့သူကမရနဲ့ပေါ့။ အခု မူဆယ်ကို သွားထိုးနေရတာလဲ တစ်လကြိုတင် စာရင်းထည့်ပြီးစောင့်မှ ဆေးထိုးလို့ရတာ။ အရမ်းခက်ခဲနေကြတယ် ဆေးဝါးတွေ” ဟု အထက်ပါမိခင်က ဆက်ပြောသည်။
နယ်စပ်ဒေသဘက်များတွင် စစ်ရှောင်တွေများ အများဆုံးနေထိုင်ကြပြီး၊ လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခများအကြား ငွေရေးကြေးရေး အခက်အခဲများကြောင့် ကျန်းမာရေးအတွက် အခြားဒေသသို့ သွားရောက်ဆေးထိုးရန် အခက်အခဲများစွာရှိသည်ဟုဆိုသည်။
တစ်ဖက်မှာလည်း မိုင်ဂျာယာန်မှ မူဆယ်အထိ သွားရောက်ဆေးထိုးလျှင် အသွားအပြန် ခရီးစရိတ်ပင် ငါးသိန်းနီးပါး ကုန်ကျသောကြောင့်လည်း ဒေသခံများ ပိုမိုခက်ခဲနေကြပြီး ကာကွယ်ဆေးနှင့် အခြားဆေးဝါးပစ္စည်းများ အရေးတကြီးလိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ
Comments